Social Icons

Pages

Thursday, December 20, 2018

ပုလဲမြို့နယ်၌ ကုလားပဲ မျိုးစေ့ ထုတ်စိုက်ကွက် တောင်သူ ပညာပေး ကွင်းသရုပ်ပြသ

-
ပုလဲ  ဒီဇင်ဘာ  ၁၉ 
-
စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင် ခရိုင် ပုလဲမြို့နယ် ချောင်းဦးကျေးရွာ ဥတ္တရာရာမကျောင်းတိုက်၌ မြန်မာ့ သြဘာ ကုမ္ပဏီနှင့်တောင်သူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သော ကုလားပဲမျိုးစေ့ထုတ်စိုက်ကွက် ၁၂၄ ဧက တောင်သူ ပညာပေး ကွင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပကြောင်း သိရသည်။ 
-
ရှေးဦးစွာ ယင်းမာပင်ခရိုင်စိုက်ပျိုး ရေးဦးစီးဌာန ဦးစီးမှူးက တောင်သူများ နှစ်စဉ်စိုက်ပျိုးခဲ့သည့်  ICCV-2 မျိုးအစား   ဈေးကွက်တွင်   အလား အလာရှိသောရေဆင်း-၁၁၊  ရေဆင်း-၈ ကဲ့သို့သော မျိုးကောင်း မျိုးသန့်များ ပြောင်းလဲ စိုက်ပျိုး ကြရန် နှင့် စိုက်ပျိုးရေး ဆိုင်ရာ အလေ့အကျင့် ကောင်းများ   ရရှိစေရေးအတွက်   စိုက်ပျိုးရေးဝန်ထမ်းများ ဖိတ်ခေါ် ၍  အကူအညီ တောင်းခံရန် လိုကြောင်း  ပြောကြားသည်။ 
-
ဆက်လက်၍  မြန်မာ့သြဘာ ကုမ္ပဏီမှ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ၂ဝ၁၈ ခုနှစ်အတွင်း တောင်သူများ နှင့် အကျိုးတူ ပူးပေါင်း၍  ချောင်းဦး ကျေးရွာ၌  ၈၅ ဒသမ ၇၂ ဧကနှင့် ငှက်ပျောတောကျေးရွာ၌ ၃၈ ဒသမ  ၅၅ ဧကကို  မျိုးသန့် မျိုးပွား အဖြစ်  စိုက်ပျိုးခဲ့ကြောင်း၊ စက်မှုလယ်ယာ မျိုးစေ့ချကိရိယာဖြင့် ၅၇ ဒသမ ၈၅ ဧက၊ တောင်သူမျိုးစေ့ချ ကိရိ ယာဖြင့် ၃ ဒသမ ၄၇ ဧက၊ နွားထွန်ဖြင့်  ၆၂ ဒသမ ၉၅ ဧက   စိုက်ပျိုးခဲ့ရာ  သီးနှံဖြစ်ထွန်းအောင်မြင်မှုအနေဖြင့်   မျိုးစေ့ချ ကိရိယာဖြင့် စိုက်ပျိုးမှုသည် ပုံမှန်တောင်သူစိုက်ပျိုးသည့်  နည်းစနစ်ထက် သာလွန်ကောင်းမွန်မှုရှိပြီး   မျိုးစေ့ နှုန်းထား သက်သာကြောင်းနှင့် ပညာပေး ဆွေးနွေးပွဲအပြီးတွင် ကုလားပဲမျိုးစေ့ထုတ်စိုက်ကွက် ၁၂၄ဧကကို   တောင်သူများ ကိုယ်တိုင် လေ့လာကြည့်ရှု စေလိုကြောင်း ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် မြန်မာ့သြဘာကုမ္ပဏီ နှင့် တောင်သူများ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့သော ကုလားပဲမျိုးစေ့ ထုတ်စိုက် ကွက်   ၁၂၄ ဧကကို  ယင်းမာပင်မြို့နယ်၊    ကနီမြို့နယ်၊  ဆားလင်းကြီးမြို့နယ်၊ ပုလဲမြို့နယ်  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ နှင့် တောင်သူ   ၁၂ဝ  ကျော်တို့က ကွင်းဆင်းလေ့လာကြည့်ရှုပြီး   သိရှိလိုသည့်  အချက်အလက်များကို မေးမြန်းရာ ခရိုင်/ မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာ့ သြဘာကုမ္ပဏီမှ စိုက်ပျိုးရေး ပညာရှင်များက ပြန်လည် ရှင်းလင်း ဖြေကြားကြောင်း သိရသည်။ 
-
မင်းခန့်စိုး (ဇေယျာမြေ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...