Social Icons

Pages

Wednesday, December 19, 2018

မကွေးတိုင်းဒေသကြီး၌ ကျောက်စရစ် ထုတ်လုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှု များပြားလာ

မကွေးတိုင်းဒေသကြီး၌ ကျောက်စရစ် ထုတ်လုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှု များပြားလာ
-
မကွေး    ဒီဇင်ဘာ ၁၈
-
မကွေးတိုင်းဒေသကြီးရှိ ချောင်းများအတွင်းမှ ကျောက်စရစ်ထုတ်လုပ်ခွင့် လျှောက်ထားမှု အခြေအနေမှာ လေးနှစ်တာ ကာလအတွင်း ငါးဆနီးပါးခန့် များပြားလာကြောင်း တိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ ''၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှာ ချောင်းကျောက်စရစ် ထုတ်လုပ်ခွင့် လျှောက်ထားတာ ၁၆ ဦးပဲရှိတယ်။  ၂ဝ၁၆-၂ဝ၁၇ မှာ ၂၅  ဦး၊ ၂ဝ၁၇-၂ဝ၁၈ မှာ ၃၉ ဦးအထိ တိုးလာတယ်။ ဒီနှစ်ကတော့ ထူးထူးခြားခြား ၇၅ ဦးအထိ လျှောက်ထားလာပါတယ်။ လေးနှစ်အတွင်း ငါးဆနီးပါး ပိုတိုးပြီး လျှောက်ထားလာပါတယ်'' ဟု  မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးက ပြောသည်။
-
မြစ်အတွင်း ကျောက်စရစ် ထုတ်လုပ်ရန် လျှောက်ထားမှုမှာလည်း   ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် ၈၉ ဦး၊ ၂ဝ၁၆-၂ဝ၁၇ တွင် ၁၅၉ ဦး၊ ၂ဝ၁၇-၂ဝ၁၈ တွင် ၂၂၂ ဦးအထိ တိုးလာပြီး လတ်တလောမြစ် ကျောက်စရစ် ထုတ်လုပ်ခွင့် လုပ်ကွက်အနေဖြင့် ၁၇ ဦးသာ ခွင့်ပြုပေးထားသည်။ ထို့ပြင် မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လျှောက်ထားလာမှုများနှင့် ပတ်သက်၍ သရက်ခရိုင် စစ္စရံနယ်စပ်မှ အထက်ဘက်မိချောင်းရဲနယ်အထိ ကွင်းဆင်းတိုင်းတာမှုများ လုပ်ဆောင်ပြီးဖြစ်သည်။
-
ရေကြောင်းမြေပုံများအရ နုန်းအနည်များ စုပုံနေသော ရေစီးကြောင်းအရ စုပ်ထုတ်ရန် လိုအပ်သည့် နေရာများတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ စိစစ်ထောက်ခံချက်ဖြင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက လုပ်ငန်းလိုင်စင် ချထားပေးကြောင်း၊သတ်မှတ် လုပ်ကွက် နေရာတွင်သာမက ကျောက်စရစ်ထုတ်ယူနိုင်သည့်  အခြားနေရာများသို့ တရားမဝင် ပြောင်းရွှေ့လုပ်ကိုင်မှသာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပြီး ကမ်းပါးပြိုကျခြင်းများ ဖြစ်ပေါ်ရကြောင်း မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးထံမှ သိရသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...