Social Icons

Pages

Thursday, December 13, 2018

ကလေးအလုပ်သမား ကိစ္စနှင့်ပတ်သက်၍ ကာကွယ်စောင့်ရှောက်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိ

ကလေးအလုပ်သမား ကိစ္စနှင့်ပတ်သက်၍ ကာကွယ်စောင့်ရှောက်မှုများကို အလေးထား ဆောင်ရွက်လျက်ရှိ
-
နေပြည်တော်  ဒီဇင်ဘာ  ၁၂  
-
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရုံးအမှတ်(၅၁) အစည်းအဝေးခန်းမ၌ကျင်းပရာ  မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။ အစည်းအဝေးတွင် ဒုတိယသမ္မတက နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်မှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ဆောင်ရွက်လျက်ရှိပြီး တစ်ဖက်တွင်လည်း တစ်နိုင်ငံ လုံးငြိမ်းချမ်းရေး ရရှိရေးအတွက် ဦးစားပေး ဆောင်ရွက်နေကြောင်း၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရန် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက် ရှိသကဲ့သို့ ကလေးအလုပ်သမားကိစ္စနှင့် ပတ်သက်၍ ကာကွယ်စောင့်ရှောက်မှုများကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း။ -
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို  ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရ အဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂၃/၂ဝ၁၈)ဖြင့် လုပ်ငန်းတာဝန်(၈)ရပ် ချမှတ်ကာ အဖွဲ့ ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ အဆိုပါ လုပ်ငန်းတာဝန်များကို  အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်   လုပ်ငန်းကော်မတီရှစ်ခုနှင့် အမျိုးသား ကော်မတီ၏ အတွင်းရေးမှူး အဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကြောင်း။ မြန်မာနိုင်ငံကလေး အလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ကျင်းပခဲ့ရာ အစည်းအဝေးဆုံးဖြတ်ချက် ကိုးချက်ချမှတ်ခဲ့ပြီး အဆိုပါဆုံးဖြတ်ချက် အားလုံးကို ဆောင်ရွက်ပြီးဖြစ်ကြောင်း။
-
ကမ္ဘာပေါ်တွင်ရှိသည့်   အလုပ်လုပ်နိုင်သော လူငယ်လူရွယ်ဦးရေသည် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏   ၁၈ ရာခိုင်နှုန်း၊ ၁ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူငယ်လူရွယ်ထု၏ အခြေအနေသည် ဒေသတွင်း နိုင်ငံများနှင့် လူမှုအဖွဲ့အစည်းများ အကြားတွင်   စီးပွားရေး၊ လူမှုရေး၊ နည်းပညာဖွံ့ဖြိုး တိုးတက်မှု၊ ယဉ်ကျေးမှု ကွာဟမှုများနှင့်  မတူကွဲပြားမှုများ ကြုံတွေ့နေရသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အသက်ငါးနှစ်မှ ၁၇ နှစ်အကြား ကလေး အလုပ်သမား   ၁၅၂  သန်းခန့်ရှိရာတွင် ထိုအထဲမှ ၇ ဒသမ ၄ ရာခိုင်နှုန်းသည် ဖွံ့ဖြိုးဆဲ နိုင်ငံများဖြစ်သည့် အာရှနှင့် ပစိဖိတ်ဒေသတွင်ရှိပြီး စိုက်ပျိုးရေး ကဏ္ဍများတွင် အများစုဖြစ်သည်ကို တွေ့ရကြောင်း။ ကမ္ဘာ့လူငယ်လူရွယ် ဦးရေ၏ ၈၅ ရာခိုင်နှုန်းခန့်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေပြီး လူငယ်များနှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ် ပုံရိပ်ကိုဖန်တီးရာတွင်  အလွန် အရေးကြီးသည့်အတွက်  လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏ တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ကြောင်း။ 
-
ဒေသတွင်းဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင်လည်း ကုန်ထုတ်စွမ်းအားကို အထောက်အကူ ဖြစ်စေမည့် လူငယ်လူရွယ်နှင့် ကလေးများကို အလုပ်သမားအဖြစ် အသုံးပြုလေ့ရှိသည်ကို တွေ့ရပြီး အထူးသဖြင့် ဆင်းရဲမှုနှင့် ဆက်စပ်၍ စိန်ခေါ်မှုများ ကြုံတွေ့နေရသည့် နိုင်ငံများတွင် ကလေး အလုပ်သမားများကို ပိုမိုပြီး အသုံးပြုနေခြင်းကို တွေ့ရကြောင်း။ ၂ဝ၁၅   ခုနှစ်တွင်  ကောက်ယူခဲ့သည့်Labour Force Survey အရ မြန်မာနိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော် ရှိရာတွင် ကလေးအလုပ်သမား ၁ ဒသမ ၁ သန်းကျော်ရှိပြီး ထိုအထဲမှ ခြောက်သိန်းကျော်ခန့်သည် အန္တရာယ်ရှိသည့် အလုပ်များတွင် လုပ်ကိုင် နေရသည့် အသက် ၁၈ နှစ်အောက် ကလေးများ ဖြစ်သည်ကို တွေ့ရှိရသဖြင့် ထိုလုပ်ငန်းခွင်များမှ   ကလေးအလုပ်သမားများကို ကာကွယ် စောင့်ရှောက်ပေးရန် အမျိုးသားအဆင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်ဖြင့် အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပေါ်ပြောင်းလဲနေသည့် ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာGlobal Climate Change ၏ အကျိုးဆက်များကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေး အန္တရာယ်အမျိုးမျိုး ကျရောက်မှုများကြောင့် စားနပ်ရိက္ခာ ဖူလုံမှုမရှိခြင်း၊ ပြည်တွင်း ပဋိပက္ခအချို့ကြောင့် ဆင်းရဲမှုများနှင့် ရွှေ့ပြောင်းနေထိုင်ရမှုများ ရှိလာခြင်း၊  လူမှုစီးပွားရေး ဘဝအကျပ်အတည်းများမှ တစ်ဆင့် ကလေး၊ လူငယ်လူရွယ်များသည်   ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်သည့် အခွင့်အလမ်းများ မရရှိဘဲ   ကလေးအလုပ်သမားအဖြစ် အသုံးပြုခံနေရမှုများ ကိုလည်း ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် ကြုံတွေ့နေရကြောင်း။ 
-
ILO Convention No-182 ဖြစ်သည့် အဆိုးရွားဆုံးပုံစံဖြင့် ကလေး အလုပ်သမား ခိုင်းစေခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ် (၁၈၂) ကို ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်တွင် မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်မှတ်ထိုးခဲ့ပြီး ကလေးအလုပ်သမားနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ် (ILO)၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF ) တို့နှင့် ပူးပေါင်းဆောင် ရွက်လျက် ရှိသည်ကို တွေ့ရမည်ဖြစ်ကြောင်း။ ကလေးအလုပ်သမား ပပျောက်ရေးသည် မျက်မှောက်ခေတ်၏ Global Issue တစ်ခုဖြစ်ပြီး  မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သကဲ့သို့ အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်သည့်အတွက် ကာလတို ဆောင်ရွက်၍ မရနိုင်သဖြင့် ဆက်စပ်ကဏ္ဍပေါင်းစုံ ပါဝင်ပြီး လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် မိမိတို့နိုင်ငံ၏ အခြေအနေနှင့် လျော်ညီသော  အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ထွက်ပေါ်လာရန် အရေးကြီးကြောင်း။ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် လက်မှတ်ရေးထိုးခဲ့သည့် သင့်တော် ကောင်းမွန်သော   လုပ်ငန်းခွင် အစီအစဉ် (Decent Work Country Program)ကို ပြီးခဲ့ သည့် ၂ဝ၁၈  ခုနှစ် အောက်တိုဘာလက အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ချုပ်(ILO) နှင့် အလုပ်သမား၊လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနတို့ အကြား MoU လက်မှတ်ရေးထိုးခဲ့ပြီး ထိုအထဲတွင် ပါဝင်သည့် အလုပ်အကိုင် အခွင့်အလမ်းများကို ဦးစားပေးခြင်း၊ အလုပ်သမား အခွင့်အရေးနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး အပိုင်းများတွင် ကလေးအလုပ်သမား ကိစ္စရပ်လည်း   တစ်ခုအပါအဝင် ဖြစ်ကြောင်း။  
-
အမျိုးသားကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များတွင် ပါဝင်သည့် လုပ်ငန်းကော်မတီ(၈)ရပ် ဖွဲ့စည်းထားရှိမှု၊ လုပ်ငန်းတာဝန်များနှင့် အမျိုးသားကော်မတီ အတွင်းရေးမှူး အဖွဲ့က အမျိုးသား အဆင့် လုပ်ငန်းစီမံချက် (မူကြမ်း) ရေးဆွဲပြုစုထားမှုများအပေါ် ညှိနှိုင်းဆွေးနွေးပြီး  ယနေ့အစည်း အဝေးတွင် အတည်ပြုချက်ရယူကာ အကောင်အထည်ဖော်နိုင်ရေးကို ဆက်လက်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေနှင့် ကိုက်ညီပြီး   ရှုထောင့်မျိုးစုံမှ စဉ်းစားကာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် ပြည့်စုံကောင်းမွန်သော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်(မူကြမ်း) ထွက်ပေါ်လာရေးနှင့်  ကလေးအလုပ်သမားများ အတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်း၊ ၎င်းတို့၏ မိသားစုအခြေအနေများ၊ ဆင်းရဲမှု အခြေအနေများကို ထည့်သွင်းစဉ်းစားပြီး   မိမိနိုင်ငံနှင့် သင့်လျော်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး ပေးကြရန် ပြောကြားသည်။ 
-
ထို့နောက်  မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး လုပ်ငန်းစီမံကိန်းနှင့် ပတ်သက်၍ ပဏာမ ရှင်းလင်းတင်ပြသည်။ ယင်းနောက် ကော်မတီ တွဲဖက်အတွင်းရေးမှူး  အလုပ်ရုံနှင့် အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက  မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ လုပ်ငန်းကော်မတီ(၈)ရပ်၏ လုပ်ငန်းတာဝန်များနှင့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (မူကြမ်း)တို့နှင့် ပတ်သက်၍ ရှင်းလင်း တင်ပြသည်။ 
-
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာသန်းမြင့်၊ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးခင်မောင်ချို၊ နိုင်သက်လွင်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်ကြသော ဒေါက်တာခက်အောင်၊ ဦးအယ်လ်ဖောင်းရှို၊ ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဆလိုင်းလျန်လွယ်၊ ဒေါက်တာမြင့်နိုင်၊ ဒေါက်တာ ဒေါ်လဲ့လဲ့မော်၊  ဒေါက်တာအောင်မိုးညို ၊ ဒေါက်တာအေးဇံ၊ ဦးညီပု၊ ဦးလှမိုးအောင်၊ ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးမြင့်၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂများ  အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား၊ စိုက်ပျိုး ရေးနှင့် စားသောက်ကုန်ထုတ် လုပ်ငန်း ပေါင်းစုံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ  အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူများက မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်  လုပ်ငန်းစီမံ ချက်(မူကြမ်း)တွင် ပါဝင်သည့် အကြောင်းအရာများ၊  ကလေးအလုပ်သမား ဖြစ်ရသည့် အကြောင်းရင်းသည်    လူကုန်ကူး ခံရမှုကြောင့်ဖြစ်ပါက ထိရောက်သည့် ရှာဖွေဖော် ထုတ်မှု၊ ကလေးအခြေပြု စုံစမ်းစစ်ဆေးခြင်း ကိစ္စရပ်များ၊ ကလေးအလုပ်သမား ဖြစ်လာမည့် အန္တရာယ်ရှိနေသည့် ကလေးများအား သက်မွေးပညာ သင်ကြားရေး ရနိုင်ခွင့်များ၊ ကလေးအလုပ်သမားဆိုင်ရာ သတင်းပြန်ကြားရေး အတွက် နည်းပညာရပ်ဆိုင်ရာ လုပ်ငန်းများ၊ လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမား ကင်းစင်ရေးဆိုင်ရာများနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်း အကောင်အထည် ဖော်ဆောင်မှု အခြေအနေများကို သက်ဆိုင်ရာ ကဏ္ဍများ အလိုက်  ဆွေးနွေးတင်ပြကြသည်။ ယင်းနောက် ဒုတိယသမ္မတက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။  
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...