-
စစ်ကိုင်း ဒီဇင်ဘာ ၁၉
-
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရန် မြန်မာနိုင်ငံခရီး သွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး အသင်း နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ နာဂဒေသသို့ ဇန်နဝါရီ ၁ဝ ရက်မှ ၁၈ ရက်အထိ ခရီး သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်တွင် ကား ၁၉ စီးဖြင့် ၆၁ ဦးလိုက်ပါမည်ဖြစ်ကာ မုံရွာမြို့မှ စတင်၍ အလောင်းတော်ကဿပ၊ ကလေးဝမြို့၊ မော်လိုက်မြို့၊ ဟုမ္မလင်းမြို့၊ လေရှီးမြို့ရှိနာဂရိုးရာပွဲတော်၊ မူးချောင်း၊ မိုင်းချောင်းနှင့် မဟာမြိုင်တောလမ်း-သက္ကယ်ကျင်း-ရေဦး-ရွှေဘိုမြို့တို့ကိုဖြတ်၍ စစ်ကိုင်းမြို့မှ ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
-
''ဒီခရီးစဉ်စီစဉ်ဖြစ်တာက အစိုးရက စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်တဲ့ လုပ်ငန်း စဉ် ထဲကတစ်ခုပေါ့။ တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘယ်ဒေသတွေ နေရာတွေသွားသင့်တယ်။ လမ်းကြောင်း တွေကို လမ်းညွှန်ပေးမယ်။ လုံခြုံရေး၊ နေရေး ထိုင်ရေး လုပ်ပေးမယ်။ စစ်ကိုင်းတိုင်း ဒေသကြီးက သိပ်ကျယ်တဲ့ ဒေသဖြစ်တော့ ပထမအကြိမ် တုန်းက စစ်ကိုင်းတိုင်း ဒေသကြီးရဲ့အရှေ့ဘက်တစ်ခြမ်းပေါ့။ အခုက ချင်းတွင်းမြစ်ဘက်ခြမ်းကို လုပ်ပေးတာ။ ချင်းတွင်းမြစ်ဘက်ခြမ်းက ပွင့်လင်းရာသီမှ သွားလို့ရတာပေါ့။ တစ်နေရာနဲ့ တစ်နေရာ မတူဘူး။ အခုက လေရှီးထိပဲပေါ့။ နောက် တစ်ကြိမ်ဆိုမိုင် ၁၄ဝ လောက် မြောက်ဘက် ခြမ်းကိုသွားလို့ရသေးတယ်။ ဇလုံတောင်ခရီး စဉ်ကိုလည်း တိုင်းဒေသကြီးအစိုးရက ဖော်ထုတ်ပေးခဲ့ပါတယ်''ဟု စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွား လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးကပြောသည်။
-
စစ်ကိုင်းတိုင်းဒေသကြီး၏ ခရီးသွားကဏ္ဍ ကိုဖော်ထုတ်ရန်အတွက် ၂ဝ၁၈ ခုနှစ်အတွင်းရန်ကုန်၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာ၊ ကောလင်း၊ မုံရွာ၊ ရန်ကုန်ခရီးစဉ်ကိုလည်းတိုင်းဒေသကြီး အစိုးရနှင့် မြန်မာ့ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးအသင်းတို့ ပူးပေါင်းစီစဉ်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင် ရေးအသင်းဥက္ကဋ္ဌက ပြောသည်။ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် နေရာ ဒေသများစွာ ရှိနေပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့ကလည်း ခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နေကြောင်း သိရသည်။
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment