-
မုံရွာ ဒီဇင်ဘာ ၁၉
-
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှ အလောင်းတော်ကဿပသို့ သွားသည့် ကားလမ်းကို ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှ စတင်ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း အလောင်းတော် ကဿပဂေါပက အဖွဲ့ထံမှ သိရသည်။ အာဆီယံအသိအမှတ်ပြု အမျိုးသား ဥယျာဉ်အတွင်း ကျရောက်နေသည့် အလောင်းတော်ကဿပသွား ခရီးစဉ်ကို နှစ်စဉ် သက်ဆိုင်ရာ တာဝန်ရှိသူများ ခွင့်ပြုချိန်မှ သွားလာခွင့်ရသည့် လမ်းခရီးဖြစ်ပြီး နှစ်စဉ်ဒေသတွင်း ခရီးသွား သိန်းချီဝင်ရောက်သော ခရီးစဉ်တစ်ခုဖြစ်ကာ မုံရွာမှတစ်ဆင့် သွားရသော ခရီးလည်းဖြစ်သည်။
-
ယင်းနေရာကို နေ့ချင်းပြန် သွားလာနိုင်သလို အလောင်းတော် ကဿပတွင် ညအိပ် တည်းခိုရန် ဂေါပကအဖွဲ့က တည်းခိုဆောင်တွေ စီစဉ်ပေးထားကြောင်း သိရသည်။ လတ်တလောတွင် ဘုရားဖူးလမ်းကိုဖွင့်ပွဲပြုလုပ်၍ တရားဝင် ဖွင့်လှစ်ခြင်း မရှိသေးသော်လည်း ဘုရားဖူးကားအချို့နှင့် ဈေးကားများမှာ သွားလာနေပြီဖြစ်ကာ ဒီဇင်ဘာ ၁၄ ရက်မှစတင်၍ လမ်းပေါက်ခဲ့သည့်အတွက် ကားသေးများ စတင်ပြေးဆွဲနေပြီး မုံရွာသို့ ရောက်ရှိလာသည့် ဘုရားဖူးများကို စတင်ပို့ဆောင်နေပြီဖြစ်သည်။
-
မုံရွာမှ အလောင်းတော် ကဿပသို့ နေ့စဉ်ပြေးဆွဲသော လိုင်းကားများဖြင့် သွားမည်ဆိုပါက တစ်ဦးလျှင် ငွေကျပ် ၁၅ဝဝဝ ကျသင့်မည်ဖြစ်ပြီး အဖွဲ့လိုက် ကားစီးလုံးငှားပါက နေ့ချင်းပြန် တစ်သိန်းခွဲခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။ အလောင်းတော်ကဿပလမ်းကို နှစ်စဉ်မိုးလေ ကင်းလွတ်သည့် ဇန်နဝါရီမှ ဧပြီလအထိ လေးလတာဖွင့်လှစ်လေ့ရှိပြီး မိုးရာသီတွင် လမ်းကိုပြန်လည်ပိတ်လေ့ ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment