
-
နေပြည်တော် ဒီဇင်ဘာ ၁၉
-
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့၏ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် စတုတ္ထအကြိမ် (၂+၂) အဆင့် မြင့်ဆွေးနွေးပွဲကို တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ကျုံးဝေကူမင်း စိန်းလဲ့ကန် ဟိုတယ်၌ ယမန်နေ့က ကျင်းပခဲ့သည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့ ဦးဆောင်၍ လည်းကောင်း၊ တရုတ်နိုင်ငံဘက်မှ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Mr.Kong Xuanyou နှင့် ဗဟိုစစ်ကော်မရှင် ပူးတွဲစစ်ဦးစီးချုပ်ရုံး ဒုတိယ စစ်ဦးစီးချုပ် Lt.Gen.Shao Yuanming တို့ ဦးဆောင်၍လည်းကောင်း တက်ရောက်ကြသည်။
-
အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် တရုတ်ဘက်က အပြုသဘော ကူညီပေးရေး၊ နှစ်နိုင်ငံ နယ်စပ် ဒေသများ တည်ငြိမ်အေးချမ်းရေး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေ တည်ငြိမ်မှု ရှိရေးနှင့် တရား ဥပဒေစိုးမိုးရေး၊ အပြန်အလှန် ယုံကြည်မှုတည်ဆောက်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် ဒေသများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ဒေသခံပြည်သူများအကျိုး ဖော်ဆောင်ရေးအပါအဝင် နှစ်နိုင်ငံနယ်စပ် ဒေသဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ခဲ့ကြသည်။
-
ထို့ပြင် နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ တရား မဝင် လူဝင်/ထွက် ကိစ္စ တားဆီးရေး၊ မူးယစ် ဆေးဝါးနှိမ်နင်းရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ တရားမဝင် ကုန်သွယ်မှုများ တားဆီးရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက် သွားနိုင်ရေး အတွက် အဆင့် အသီးသီးနှင့် ကဏ္ဍအသီးသီး ရှိ ဆက်ဆံရေး ယန္တရားများမှ တစ်ဆင့် ပူးပေါင်း ညှိနှိုင်းမှုများ တိုးမြှင့်သွားရန်၊ နှစ်နိုင်ငံ နယ် နိမိတ်မြစ်/ ချောင်းများထိန်းသိမ်း ကာကွယ် ရာတွင် ကမ်းပြိုမှု မဖြစ်ပေါ်ရေးနှင့် အဆောက်အအုံများ၊ ခြံစည်းရိုးများ၊ မြေထိန်း နံရံများ နှင့် ကမ်းပါးများ ထိန်းသိမ်းခြင်း လုပ်ငန်းများ တည်ဆောက်ရာတွင် နယ်နိမိတ် စာချုပ်၌ ဖော်ပြချက် များနှင့် အညီဆောင်ရွက်ရေး၊ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်း ဖြေရှင်းသွားရေးနှင့် ပူးတွဲ ကွင်းဆင်းစစ်ဆေး ရေး စသည့် ကိစ္စရပ်များကိုလည်း ဆွေးနွေး သဘောတူညီခဲ့ကြသည်။
-
ပြည်ထောင်စု ဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ ၁၈ ရက်တွင် အစည်းအဝေး တက်ရောက် ပြီးနောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ဒုတိယပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Zhang Guohua တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။ နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ဦးဆောင်သည့် (၂+၂) အဆင့်မြင့်ဆွေးနွေးပွဲသည် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ နယ်စပ် ဒေသများ တည်ငြိမ် အေးချမ်းရေးနှင့် နယ်စပ်ဒေသများ စီမံခန့်ခွဲ ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုထိရောက် စွာပူးပေါင်း ဆောင်ရွက်ရေး အတွက် ရည်ရွယ်၍ တည်ထောင်ထားသည့် ဗဟိုအစိုးရ အဆင့် နှစ်နိုင်ငံ ဆွေးနွေးမှု ယန္တရား တစ်ခုဖြစ်ပြီး တတိယ အကြိမ် အစည်းအဝေးကို နေပြည်တော်တွင် ၂ဝ၁၈ခုနှစ် ဇန်နဝါရီ ၁၇ ရက်ကကျင်းပခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment