
-
ဒိုက်ဦး ဒီဇင်ဘာ ၁၆
-
ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကုက္ကိုင်း ကျေးရွာ၌ ပြည်သူ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် Talent & Technology တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည့် အမျိုးသား လျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်း (NEP)၊ Solar Mini-Grid ဖြင့် ဆောင်ရွက်သော ဆိုလာ အသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
-
ရှေးဦးစွာ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကာ ကမ္ပည်း မော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပြီး ဓာတ်အားလိုင်း သွယ်တန်းထားရှိမှုနှင့် သုံးစွဲမှု အခြေအနေများအား လိုက်လံကြည့်ရှုကြသည်။
-
အဆိုပါ ကုက္ကိုင်းကျေးရွာဆိုလာ အသေးစား ဓာတ်အားလိုင်းစနစ် မီးလင်းရေး လုပ်ငန်းအား ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက ၆ဝ ရာခိုင်နှုန်း၊ ကျေးရွာနေပြည်သူများက ၂ဝ ရာခိုင်နှုန်းနှင့် Talent & Technology ကုမ္ပဏီက ၂ဝ ရာခိုင်နှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၄၁ ဒသမ ၁၁၃ သန်း အကုန်အကျခံကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ မီးလင်းရေး လုပ်ငန်းမှ ၃၂ ကီလိုဝပ် ဓာတ်အား ထုတ်လွှတ်ပေးမည်ဖြစ်ပြီး ကုက္ကိုင်း ကျေးရွာမှ လုပ်ငန်းရှင် ခြောက်ဦးနှင့် စုစုပေါင်းအိမ်ခြေ ၁၃ဝ ကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိကြောင်းနှင့် လျှပ်စစ်မီး အသုံးပြုနိုင်မည် ဖြစ်သောကြောင့် ကျေးလက်နေပြည်သူ တို့၏ လူမှုဘဝဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
(၄၁ဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment