-
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း နှစ်(၇ဝ)ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာမှာအောက်ပါအတိုင်းဖြစ်ပါသည် - ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်း နှစ်(၇ဝ)ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
-
(၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက်)
-
ယနေ့သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း ထုတ်ပြန်ကြေညာ ခဲ့ခြင်း နှစ်(၇ဝ)ပြည့်မြောက်သည့် အခါ သမယဖြစ်ပါသည်။ ထိုကဲ့သို့ ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းထုတ်ပြန်ကြေညာခဲ့သည့် ဒီဇင်ဘာလ ၁ဝ ရက်နေ့ကို ကုလသမဂ္ဂက အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ ဟု ဂုဏ်ပြု သတ်မှတ်ပြီး အခမ်းအနားများကို ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ မိမိတို့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါသည်။ ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာလ ၁ဝ ရက် နေ့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံ၌ လူသားအားလုံးနှင့် သက်ဆိုင်သည့် စံတစ်ရပ်ဖြစ် သော လူ့အခွင့်အရေး ကြေညာစာတမ်းကို ချမှတ်ရာတွင်ထောက်ခံမဲပေးခဲ့သည့် အဖွဲ့ဝင်နိုင်ငံများ အနက် မြန်မာနိုင်ငံသည် ပထမဆုံး ထောက်ခံခဲ့သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။
-
လူ့အခွင့်အရေးဆိုသည်မှာ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်စည်းက စေတနာ သဒ္ဓါရက်ရောစွာဖြင့်ပေးမှ ရသင့် ရထိုက်သည့် အခွင့်အရေး မဟုတ်ပါ။ အမိဝမ်းတွင်း၌ ပဋိသန္ဓေတည်သည်မှသေဆုံးပြီးသည်အထိ လူသားတိုင်းက ရရှိထားသော မွေးရာပါ အခွင့်အရေးဖြစ်ပါသည်။ လူသား အားလုံးတို့သည် တရားမျှ တခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလ တရားများဖြင့်မွေးဖွားလာကြပါသည်။ ထို့ကြောင့် ယင်းအခွင့်အရေး များသည် လူသားအားလုံးရပိုင်ခွင့်ရှိသည့် ပယ်ဖျက်၍မရသော မွေးရာပါ အခွင့်အရေးများ ဖြစ်ပါသည်။ အခြားသူတစ်ဦး တစ်ယောက်၏အခွင့်အရေးများကို ထိခိုက်နစ်နာ ဆုံးရှုံးမှု မရှိစေဘဲ မိမိတို့၏ အခွင့်အရေးများအား ကျင့်သုံးနိုင်သောရပိုင်ခွင့်လည်းဖြစ်ပါသည်။
-
လူသားတို့၏ အခြေခံအကျဆုံး အခွင့်အရေးဖြစ်သော လူ့အခွင့်အရေး များကို လူမျိုးအားဖြင့်ဖြစ်စေ၊ အသား အရောင်အားဖြင့်ဖြစ်စေ၊ ကျား/မ သဘာဝအားဖြင့်ဖြစ်စေ၊ ဘာသာစကားအားဖြင့်ဖြစ်စေ၊ကိုးကွယ် သည့် ဘာသာအားဖြင့်ဖြစ်စေ၊ နိုင်ငံရေးအယူအဆအားဖြင့်ဖြစ်စေ ခွဲခြားဆက်ဆံ ခြင်းမရှိစေဘဲ လူသား တိုင်းသည် တန်းတူညီမျှစွာ ခံစားနိုင်ရန်ဖြစ်ပါသည်။ လူ့အခွင့်အရေးတွင် ထူးခြားသည့်လက္ခဏာများရှိပါသည်။ ယင်းတို့မှာ တစ်ကမ္ဘာလုံးနှင့် ဆိုင်သော (Universal) အခွင့်အရေး၊ လွှဲပြောင်း၍ မရနိုင်သော (Inalienable) အခွင့်အရေး၊ မခွဲခြားနိုင်သော (Indivisible) အခွင့်အရေး၊အပြန်အလှန် ဆက်နွှယ်နေသော (Interrelated) အခွင့်အရေး၊ တစ်ဦးနှင့် တစ်ဦး အမှီသဟဲပြုနေသော (Interdependent) အခွင့်အရေးတို့ ဖြစ်ပါသည်။
-
လူ့အခွင့်အရေး၊ ဒီမို ကရေစီရေးနှင့် တရားဥပဒေ စိုးမိုးရေးတို့သည် အပြန်အလှန်ချိတ်ဆက်လျက်ရှိပါ သည်။ လူ့အခွင့်အရေး ချိုးဖောက်ခံရလျှင် ဒီမိုကရေစီရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေပါသည်။ ဒီမိုကရေစီ ရေးချိုး ဖောက်ခံရလျှင်လည်း လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို နစ်နာစေပါသည်။ တရားဥပဒေ စိုးမိုးရေးမရှိလျှင်လည်း ဒီမိုကရေစီအခွင့် အရေးနှင့်လူ့အခွင့်အရေးဆုံးရှုံးစေပါသည်။ လူ့အခွင့် အရေးကို အလေး မထား မျက်ကွယ်ပြုခြင်းသည် လူသားတို့၏ အကောင်းအဆိုးအကြောင်း အကျိုးဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဖျက်ဆီးခြင်းဖြစ်ပါသည်။ ထို့ကြောင့်အဆိုပါလူ့အခွင့်အရေးကို သင်ကြား ပေးရန်၊ အသိပညာပေးရန်၊ လေ့ကျင့်ပေးရန် ကြိုးပမ်း အားထုတ်လျက် ရှိပါသည်။
-
မြန်မာနိုင်ငံသည် ဒီမိုကရေစီအသွင် ကူးပြောင်းရေး လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်း နေပြီဖြစ်ပါ သည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏မူလအခွင့် အရေးများနှင့် ကမ္ဘာ့ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများကို ပိုမိုကာကွယ် စောင့်ရှောက် သည့် လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရန်၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစာချုပ် စာတမ်းများ တွင် ပါရှိသည့် လူ့အခွင့်အရေးများကို ထိရောက်စွာမြှင့်တင် ကာကွယ်နိုင်ရန် အတွက် မြန်မာနိုင်ငံ အမျိုး သား လူ့အခွင့်အရေးကော်မရှင်ဥပဒေကိုပြည်ထောင်စုလွှတ်တော်က ၂ဝ၁၄ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့ပါသည်။ အဆိုပါ ဥပဒေနှင့် အညီ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်း ပေးခဲ့ပါသည်။
-
ကျွန်တော့် အနေဖြင့် နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ထမ်းဆောင်ရန် ပြည်ထောင်စု လွှတ်တော်တွင်(၃ဝ-၃-၂ဝ၁၈) ရက်နေ့၌ ကတိသစ္စာပြုသည့် အခါ ''လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်းများကိုမြှင့်တင် ကာကွယ် ပါလိမ့်မယ်''ဟု ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော် သမ္မတအနေဖြင့် မြန်မာ သက္ကရာဇ် ၁၃၈ဝ ပြည့်နှစ်၊ နှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်းတွင်လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ''လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြှင့်တင်ကာကွယ်ပေးနိုင်ဖို့ နိုင်ငံတော်အစိုးရအနေနဲ့ CBO တွေ၊ CSO တွေ၊ မီဒီယာ၊ ပြည်သူတွေနဲ့ပူးပေါင်းပြီး အရှိန်အဟုန်နဲ့မြှင့်တင်ဖော်ဆောင်မှာဖြစ်ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးရဲ့ဥပဒေအရ အခြေခံ ရပိုင်ခွင့်တွေ၊ နိုင်ငံသားများရဲ့မူလအခြေခံအခွင့်အရေးတွေ၊ နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လုံခြုံမှုတွေကို စစ်ကြောရေး စခန်း၊ ရဲစခန်းအချုပ်၊ တရားရုံးအချုပ်၊ အကျဉ်းထောင်၊ ရဲဘက် စခန်း စသည့်နေရာ ဒေသမရွေး လူ့အခွင့် အရေးကော်မရှင်က ကာကွယ်ပေးနိုင်အောင် စွမ်း ဆောင်ကြ ရန်ဖြစ်ပါတယ်။
-
နိုင်ငံသားများရဲ့မွေးရာပါ အခွင့်အရေး တစ်နည်းအားဖြင့် နိုင်ငံသားများရဲ့ မူလအခွင့်အရေးတွေ မဆုံး ရှုံးကြ ရအောင် လူ့အခွင့်အရေး ကော်မရှင် နှင့်လည်း တွေ့ဆုံပြောကြားပြီးဖြစ်ပါတယ်။ လူ့အခွင့်အရေး အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများကိုယ်တိုင်ကလည်း မည်သူ့အခြေခံ အခွင့်အရေး၊ လူသား ဂုဏ် သိက္ခာကိုမျှ မထိပါးစေဘဲ ဥပဒေနဲ့ အညီ မျှတမှန်ကန်စွာ ဆောင်ရွက်ဖို့အလေးထားရပါမယ်။''ဟု ထည့်သွင်း ပြောကြား ခဲ့ပါသည်။
-
မိမိတို့ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ကြိုးပမ်းဆောင်ရွက်မှုများကို ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အသီးသီးတို့၏ ပူးပေါင်းဆောင် ရွက်မှုများကြောင့် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေ ပိုမိုတိုးတက်လာသည်ကိုတွေ့မြင်နိုင်ပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရ အနေဖြင့် ကမ္ဘာ့လူ့ အခွင့်အရေးကြေညာစာတမ်းပါအပိုဒ်များကို ကာကွယ်လေးစား လိုက်နာ ကျင့်သုံးကြစေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင် ရွက်သွားမည်ဖြစ် ကြောင်း ထပ်လောင်း ကတိကဝတ်ပြုပါသည်။
-
ကမ္ဘာ့ လူ့အခွင့်အရေးကြေညာ စာတမ်းထုတ်ပြန်ကြေညာခဲ့ခြင်း နှစ်(၇ဝ)ပြည့် အထိမ်းအမှတ်ဖြစ်သည့် ''လူ့အခွင့် အရေး ရပ်တည်ပေး'' ဆိုသည့်ဆောင်ပုဒ် နှင့်အညီနိုင်ငံသားများ၏လူ့အခွင့်အရေးအခြေအနေ ပိုမိုတိုးတက်ကောင်းမွန် လာစေရေးအတွက် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အစိုးရနှင့်ပုဂ္ဂလိက မီဒီယာအဖွဲ့ အစည်းများနှင့် ပြည်သူများသည် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပူးပေါင်း ဆောင် ရွက်ကြပါရန်တိုက်တွန်းလိုက်ပါသည်။ ဤစုပေါင်းအင်အားဖြင့် ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အတွင်း တောင်ပေါ်မြေပြန့်မကွဲပြားဘဲ လူ့အခွင့်အရေးများ ပွင့်လန်း လာကြစေရန် ပြင်းပြစွာ ဆန္ဒပြုလျက်သဝဏ်လွှာ ပေးပို့ပါသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment