Social Icons

Pages

Wednesday, December 19, 2018

အသစ် ဆောက်လုပ်မည့် ဖလမ်းမြို့ စည်ပင်သာယာရေးဈေး၏ ဆိုင်ခန်း ဈေးနှုန်းများ ညှိနှိုင်း

-
ဖလမ်း  ဒီဇင်ဘာ  ၁၈ 
-
ချင်းပြည်နယ် ဖလမ်းမြို့ရှိ စည်ပင်သာယာရေးဈေးအား အဆောက်အအုံသစ် ဆောက်လုပ်နိုင်ရေး ညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ ညနေပိုင်းက ဖလမ်းမြို့ မြို့နယ်ခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဖလမ်းမြို့ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဈေးသစ်ဆောက်လုပ် နိုင်ရေးသည် မိဘပြည် သူများ အားလုံးတွင် တာဝန်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ကာ ဈေးသစ်ဆောက်လုပ်ရန် လျာထားခြင်းဖြစ်ကြောင်း ပြောကြားပြီး  မြို့မိမြို့ဖဥက္ကဋ္ဌ တစ်ဦးက ကုမ္ပဏီများနှင့်  ဆိုင်ခန်း ဈေးနှုန်းများကို အတတ်နိုင်ဆုံးညှိနှိုင်း၍ မူလက တစ်ခန်း ငွေကျပ်သိန်း ၁ဝဝ ကို သိန်း ၈ဝ ၊ တစ်ခန်း ငွေကျပ် သိန်း ၈ဝ ကို သိန်း ၆ဝ နှင့် တစ်ခန်း ငွေကျပ်သိန်း ၃ဝ ကို သိန်း၂ဝ ဖြင့် ဈေးနှုန်းညှိနှိုင်းထားကြောင်း ဆွေးနွေးပြောကြားသည်။ 
-
ထို့နောက် ဖလမ်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ဈေးအဆောက်အအုံသစ်  တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်ပြီး ကုမ္ပဏီကို အချက်(၃)ချက်နှင့် ကိုက်ညီသည့် အဆောက်အအုံဖြစ်ရန် ညှိနှိုင်းထားကြောင်း ဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ ဈေးသူဈေးသားများကလည်း  ဆိုင်ခန်းတစ်ခန်း ဝယ်ယူရန် တတ်နိုင်သည့်ဈေးနှုန်းများနှင့်  ဆိုင်ခန်းခကို ငါးနှစ်အရစ်ကျနှင့် ပေးချေလိုကြောင်း တင်ပြကြရာ စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌက ကုမ္ပဏီဘက်မှ တောင်းဆိုချက် အရ ယခုချပြသည့် ဈေးနှုန်း အတိုင်းသာလက်ခံကြောင်း၊ ဆိုင်ခန်းဝယ်ယူခကို တစ်နှစ်အတွင်း ပေးချေ ရမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။ ဖလမ်းမြို့ စည်ပင်သာယာရေး ဈေးဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆောက် လုပ်မည့် ကုမ္ပဏီများ၊ ဈေးသူဈေးသားများ ပထမအကြိမ်ဆွေးနွေးညှိနှိုင်းပွဲကို ဖလမ်းမြို့၌ ကျင်းပခဲ့ပြီး ဆိုင်ခန်း ဈေးနှုန်းနှင့် ပတ်သက်ပြီး ဆောက်လုပ်မည့် ကုမ္ပဏီနှင့် ဈေးသူဈေးသားများအကြား သဘောတူညီချက်မရသဖြင့် ယခုအခါ ဒုတိယ အကြိမ် ပြန်လည် ညှိနှိုင်းခြင်းဖြစ်သည်။ 
-
ဖလမ်းမြို့  စည်ပင်သာယာရေးဈေး  အဆောက်အအုံသည် နှစ် ၃ဝကျော်ကြာပြီဖြစ်ပြီး ခေတ်နှင့်မလျော်ညီဘဲ  သက် တမ်းရင့် ဟောင်းနွမ်းနေသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့က စည်ပင်သာယာရေးဈေး တည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ဖိတ်ခေါ်ပြီး Chin Public Company(CPC) က ဈေးသူဈေးသားများ၏ ထည့်ဝင်ငွေနှင့်  RC  တိုက်ငါးထပ်ကို ဆောက် လုပ်ရန် လျာထားကြောင်း သိရသည်။
-
ဂျွန်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...