Pages

Thursday, December 20, 2018

ကျောက်မျက်ရတနာနှင့် လက်ဝတ် ရတနာအချောထည်ပြပွဲ ကျင်းပမည်

-
ရန်ကုန် ဒီဇင်ဘာ  ၁၉ 
-
ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ  ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲ ၂ဝ၁၉ ကို ဇန်နဝါရီ ၉ ရက်မှ ၁၃ ရက်အထိ ရန်ကုန် မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပမည်ဖြစ်ပြီး  ပထမဆုံး အကြိမ်အဖြစ် အသေးစားလေလံစနစ်ဖြင့်  ရောင်းချခြင်းစနစ်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 
-
ရှေးဦးစွာ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း  (ရန်ကုန်)ဒုတိယဥက္ကဋ္ဌက ''ဒီနှစ် အထူးရောင်းချမှုအနေနဲ့ အသေးစားလေလံတင်ရောင်းချမှု ပါဝင်ပါမယ်။ မြန်မာ နိုင်ငံက ထွက်ရှိတဲ့ ကျောက်မျက်အတွဲပေါင်း  ၁ဝဝ ခန့် ရောင်းချသွားမှာဖြစ်ပါတယ်။ ကျောက်မျက်အတွဲတစ်တွဲ တန်ဖိုးက ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၂ဝဝဝဝ နဲ့ အထက် သတ်မှတ်ထားပါတယ်''ဟု ပြောသည်။
-
ပြည်တွင်း၌ ကျောက်မျက်အချောထည်ဈေးကွက် ဖြစ်ထွန်းလာပါက ကျောက်သွေးခြင်း၊ ပန်းထိမ်ပညာ၊  စက်ပန်းထိမ်၊ လက်ပန်းထိမ်ပညာများ အကောင်အထည် ပေါ်လာပြီး ဈေးကွက်အမြတ်အစွန်းရရှိကာ ရတနာခွန် ရလာသည့်အပြင် အလုပ်အကိုင်အခွင့်အလမ်းများလည်း  တိုးတက်လာမည်ဖြစ်ကြောင်း    ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း  (ရန်ကုန်) ဥက္ကဋ္ဌထံမှ   သိရသည်။ ဒုတိယအကြိမ် ရန်ကုန်အပြည်ပြည်ဆိုင်ရာကျောက်မျက် ရတနာနှင့် လက်ဝတ်ရတနာအချောထည်ပြပွဲ ၂ဝ၁၉  တွင် မြန်မာနိုင်ငံမှထွက်ရှိသည့် ပတ္တမြား၊  နီလာ၊ ရှားပါး ကျောက်မျက်ရတနာများ အမျိုးပေါင်း ၁ဝဝ ကျော်ကို  ဆိုင်ခန်းပေါင်း ၁ဝဝ ဖြင့်  ပြသသွားမည်ဖြစ်ကြောင်း  သိရသည်။
-
မြန်မာနိုင်ငံအတွင်း နိုင်ငံတကာ အဆင့်မီ ကျောက်မျက် အချောထည် ဈေးကွက်ဖြစ်ပေါ် လာစေရန် ဒုတိယအကြိမ်   ရန်ကုန်အပြည်ပြည်ဆိုင်ရာ   ကျောက်မျက် ရတနာနှင့်   လက်ဝတ်ရတနာအချောထည်ပြပွဲ  ၂ဝ၁၉ ကိုကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။  
-
အမ်အမ်ကေ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment