Social Icons

Pages

Wednesday, November 14, 2018

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြုလုပ်

တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများကို ဆန့်ကျင်သည့် ဆန္ဒဖော်ထုတ်ပွဲ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြုလုပ်
-
ရန်ကုန်   နိုဝင်ဘာ   ၁၃ 
-
မြန်မာနိုင်ငံ  စစ်မှုထမ်းဟောင်းအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့မှ  ကြီးမှူးကျင်းပသည့် တပ်မတော်ကို ထောက်ခံခြင်းနှင့် ပြင်ပစွက်ဖက် လုပ်ဆောင်မှုများအား ဆန့်ကျင်သည့်  ဆန္ဒဖော်ထုတ်ပွဲကို  ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်မှ  စစ်မှုထမ်းဟောင်းများက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြည်ထောင်စု လမ်းမကြီး   ကုန်ပဒေသာမှတ်တိုင် အနီးရှိ မြို့နယ် စစ်မှုထမ်းဟောင်းရုံး ရှေ့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
-
''အခုပြုလုပ်တဲ့ တပ်မတော်ကို ထောက်ခံခြင်းနဲ့ ပြင်ပစွက်ဖက် လုပ်ဆောင်မှုတွေကို ဆန့်ကျင်တဲ့ ဆန္ဒဖော်ထုတ်ပွဲကို မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့က နာယကများနဲ့ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်တွေ၊   အရန်အဖွဲ့ဝင်တွေ စုစုပေါင်းအင်အား  ၃ဝဝ  က  တပ်မတော်အပေါ် ထားရှိတဲ့ မိမိတို့ရဲ့ ဆန္ဒအမှန်ကို ထုတ်ဖော်ပြသတာဖြစ်ပါတယ်။  ကျွန်တော်တို့ စစ်မှုထမ်းဟောင်း အဖွဲ့တွေက အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး လုပ်ငန်းတွေမှာ တပ်မတော်ရဲ့ အရန်အင်အား ဖြစ်တာနဲ့အညီ တို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့ နိုင်ငံတော် အချုပ်အခြာအာဏာကို  ဝင်ရောက်စွက်ဖက်လာတဲ့ ဘယ်အဖွဲ့အစည်းကို မဆို တပ်မတော်နဲ့အတူ လက်တွဲပြီး  နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်မှာပါ''ဟု  ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးစိုးမြင့် (ငြိမ်း) ကပြောသည်။
-
အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် ၃ဝဝ ဦးက  နိုင်ငံတော်အလံ၊ စစ်မှုထမ်းဟောင်း အလံများနှင့်အတူ   တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဓာတ်ပုံ၊ ပြည်သူကို ချစ်သော၊ ပြည်သူကချစ်သော တပ်မတော်အောင်မြင်ပါစေ၊ ဘက်လိုက်သော ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး ကော်မရှင်၏ မမျှမတတစ်ဖက်သတ် အစီရင်ခံစာ  တို့လုံးဝလက်မခံ၊  မဆီမဆိုင်နိုင်ငံရေး စွက်ဖက်သော Facebook  ကို လုံးဝဆန့်ကျင်ရှုတ်ချသည်၊ တပ်မတော်အင်အား ချိုးနှိမ်မှုမှန်သမျှ တို့လုံးဝလက်မခံ၊ တပ်မတော်စွမ်းမှ တိုင်းပြည်အေးချမ်းမည်၊ APHR ၏ အောက်လုံးအစီရင်ခံစာ အလိုမရှိ၊မြန်မာ့တပ်မတော်ကို   အပြည့်အဝထောက်ခံသည်  စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ပြီး  တစ်နာရီခန့် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
-
တပ်မတော်ထောက်ခံပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပြုလုပ်လျက်ရှိ ရာ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ယခုအကြိမ်အပါအဝင် ၁၂၂ ကြိမ် စုစုပေါင်း အင်အား  ၆၅၄၈၅ဝ ဦးဖြင့် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း တပ်မတော်ထောက်ခံပွဲများ ဆက်လက် ကျင်းပမည်ဖြစ်ကြောင်း   သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...