-
စင်ကာပူ နိုဝင်ဘာ ၁၄
-
(၃၃)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများသို့ တက်ရောက်ရန် စင်ကာပူနိုင်ငံ၌ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် မဒမ်ဂျက်စင်ဒါအာရမ်နှင့် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၄ဝတွင် စင်ကာပူနိုင်ငံရှိ Suntec Expo Con-vention Center ဧည့်ခန်းမ၌ လည်းကောင်း၊ အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ မစ္စတာမိုက်ကယ်လ်ပန့်စ်နှင့် ယနေ့ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် Ritz Carlton ဟိုတယ်ဧည့်ခန်းမ၌ လည်းကောင်း တွေ့ဆုံသည်။
-
နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ အပါအဝင် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများနှင့် ရခိုင်ပြည်နယ် အတွင်း လူမှုအသိုက်အဝန်း နှစ်ရပ်အကြား သဟဇာတဖြစ်ရေး အတွက် နယူးဇီလန်နိုင်ငံမှ ပေးအပ်လျက်ရှိသည့် အကူအညီများနှင့် ပတ်သက်၍ အမြင်ချင်း ဖလှယ်ကြသည်။
-
အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကိစ္စနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ သတင်းလွတ်လပ်ခွင့် ရရှိရေးကိစ္စနှင့် အမေရိကန် ပြည်ထောင်စု၏ အင်ဒို-ပစိဖိတ် မူဝါဒနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
-
ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မကြာသေးမီက မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် သဘောတူညီခဲ့မှုနှင့် အညီ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလလယ်တွင် စတင်ရန်ရှိသည့် စိစစ်ပြီးဖြစ်သော ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံမှ ပြင်ဆင်ထားရှိသည့် လုပ်ငန်းစဉ်များ အပါအဝင် ရခိုင်ပြည်နယ်၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။
-
ဒုတိယသမ္မတက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ အောင်မြင်မှုရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုမှ ဆက်လက်ကူညီ ပံ့ပိုးမှုများပေးအပ်သွားမည့် ကိစ္စရပ်များနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများအား အမေရိကန် အနေဖြင့် ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို ဆွေးနွေး သည်။
-
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment