Social Icons

Pages

Tuesday, October 16, 2018

မကွေးလေတပ် စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ်နှစ်စီး လေ့ကျင့် ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွား

မကွေးလေတပ် စခန်းဌာနချုပ်မှ  အက်ဖ်- ၇ လေယာဉ်နှစ်စီး လေ့ကျင့် ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွား
-
နေပြည်တော် ၊ အောက်တိုဘာ - ၁၆
-
မကွေးလေတပ် စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အက်ဖ်- ၇ လေယာဉ် နှစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေ့ကျင့် ပျံသန်းမှုများပြုလုပ်ပြီး မကွေးလေတပ် စခန်းဌာနချုပ် လေယာဉ်ကွင်းသို့ ပြန်လာစဉ် ရာသီဥတု ဆိုးရွားမှုနှင့် ရုတ်တရက်ကြုံတွေ့ ရပြီး နံနက် ၇ နာရီခွဲ အချိန်ခန့်တွင် ပျက်ကျမှု ဖြစ်ပွားခဲ့သည်။
-
ဖြစ်စဉ်အနေဖြင့် မကွေးလေတပ် စခန်းဌာနချုပ်မှ အက်ဖ်- ၇ လေယာဉ် ၄ စီးသည် ယနေ့နံနက် ၆ နာရီ ၂၀ မိနစ် တွင် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းမှုများ စတင်ဆောင်ရွက်ခဲ့ပြီး လေတပ်စခန်း ဌာနချုပ်သို့ပြန်လာစဉ် ရာသီဥတု ဆိုးရွားမှုနှင့် ရုတ်တရက် ကြုံတွေ့ခဲ့သဖြင့် လေယာဉ်များအား ကြိုးစား ထိန်းချုပ်ဆင်းသက်ခဲ့သည်။
-
ထိုသို့ဆင်းသက်စဉ် အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းနေသော လေယာဉ် ၄ စီးအနက် ၂ စီးမှာ လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂စီးမှာ ရာသီဥတု ဆိုးရွားမှုကို ဆက်လက်ကြိုးစား ထိန်းသိမ်း မောင်းနှင် ခဲ့သော်လည်း မင်းဘူးမြို့၏ တောင်ဘက် ဆားဗွက်ချောင်းတံတား အနီးတွင် ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စု ကျေးရွာ၏ အနောက်ဘက် မီတာ ၁၀၀၀ခန့်အကွာရှိ လယ်ကွင်းအနီးတွင် ၁စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူးများ ဖြစ်သော ဗိုလ်ကြီး ဟိန်းသူအောင်နှင့် ဗိုလ်ကြီး ဖြိုးမောင်မောင် တို့မှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
-
ဆားဗွက်ချောင်းတံတား အနီးပျက်ကျခဲ့သော ဖြစ်စဉ်တွင် မင်းဘူးမြို့၊ အမှတ် (၄) ရပ်ကွက်၊ အေးသာယာလမ်းနေ ဦးဖိုးဖြူ၏ သမီးဖြစ်သော ပဉ္စမတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းသည် အဆိုပါ ပျက်ကျလေယာဉ်၏ အစိတ်အပိုင်းများ ထိမှန် ဒါဏ်ရာ ရရှိခဲ့သဖြင့် မင်းဘူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေခဲ့သော်လည်း ၈ နာရီ ၄၀ မိနစ်ခန့်တွင် သေဆုံးသွားခဲ့သဖြင့် နယ်မြေခံတပ်မှ တာဝန်ရှိသူများက ကျန်ရစ်သူ မိသားစုများအား သွားရောက် တွေ့ဆုံ၍ လိုအပ်သည့် ကူညီ ထောက်ပံ့မှုများ ဆောင်ရွက် ပေးလျက်ရှိသည်။
-
အဆိုပါ လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာ နေရာများသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်၍ အသေးစိတ် စစ်ဆေး ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
-
#BreakingNews

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...