Social Icons

Pages

Friday, September 7, 2018

မန္တလေးမြို့တွင် အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည်ကားကြီးကွင်း ဒီဇိုင်းသစ်ကို သဘောတူညီမှုရရှိပြီးဖြစ်သောကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်တွင် ယာယီကားကွင်းသို့ အပြီးပြောင်းရွှေ့မည်



မန္တလေး ၇-၉-၂ဝ၁၈

M-Development Corporation (Myanmar) Co.,Ltd က အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည် ကားကြီးကွင်း၏ ဒီဇိုင်းသစ်ကို ဂိတ်ပိုင်၊ ကားပိုင်များက သဘောတူညီမှု ရရှိပြီဖြစ်သောကြောင့် လက်ရှိကားကြီးကွင်းအတွင်းမှ ကားဂိတ်များကို ယခုနှစ် ဒီဇင်ဘာလကုန်တွင် တံခွန်တိုင် အဝိုင်းအနီးရှိ ယာယီကားကွင်းသို့ အပြီးပြောင်း ရွှေ့သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပြ၍ သိရသည်။

အသစ်တည်ဆောက်မည့် ကားကြီးကွင်း၏ ဒီဇိုင်းအတည်ပြုချက် များကိုကားကွင်း တည်ဆောက်မည့် ကုမ္ပဏီ၊ဂိတ်ပိုင်၊ ကားပိုင်များနှင့် ကားကြီးကွင်း စည်းကမ်းထိန်းသိမ်းရေး အဖွဲ့တို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒီဇိုင်းသစ်ကို သဘောတူညီမှု ရရှိခဲ့သဖြင့် ယခုကဲ့သို့ပြောင်းရွှေ့ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။

"အကြမ်းအားဖြင့် ဆောက်လုပ်ဖို့ ဆွဲထားတဲ့ဒီဇိုင်းကို တင်ပြတဲ့အခါမှာ ဂိတ်ပိုင်ရှင်တွေက သဘောတူညီတဲ့အတွက် လုပ်ငန်းစတင် နိုင်အောင် ၂ဝ၁၈ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ယာယီကားကွင်းကို ရွှေ့ပြောင်းနိုင်အောင်လုပ်ပါမယ်။ အသစ်ဆောက်လုပ်မယ့် ဒီဇိုင်းအတိုင်းပဲ ၂ဝ၂ဝပြည့်နှစ်အတွင်းမှာ ချမ်းမြရွှေပြည် ကားကွင်းအသစ်မှာ နေရာချ နိုင်အောင်လုပ်ဖို့ သဘောတူတယ်။ ယာယီကားကွင်းက မန္တလေးမြို့ရဲ့တောင်ဘက်အထွက် တံခွန်တိုင်အဝိုင်းရဲ့ မြောက်ဘက်မှာ ရှိပါတယ်"ဟု ၎င်းက ပြောပြသည်။

ထို့ပြင် ကားကွင်းအသစ် တည်ဆောက်မှု နှင့်ပတ်သက်၍ လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးနိုင်ရန် ဂိတ်ပိုင်၊ ကားပိုင်ကိုယ်စား လှယ်ဦးရေ ၂ဝပါဝင်သည့်အဖွဲ့နှင့် ကားကွင်း တည်ဆောက်မည့် ကုမ္ပဏီတို့မှ တစ်လလျှင်တစ်ကြိမ် ပုံမှန်ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင်လည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အသစ်ပြန်လည် တည်ဆောက်မည့် ချမ်းမြရွှေပြည် ကားကြီးကွင်းကို ၂ဝ၂ဝပြည့်နှစ်တွင်အပြီး ဆောက်လုပ် သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက နိုင်ငံတကာအဆင့်မီ ခရီးသည်နားနေခန်းများ၊ လက်မှတ်အရောင်း
ကောင်တာများ၊ ဈေးဆိုင်ခန်းနှင့် စားသောက်ဆိုင်များ ပါဝင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...