Social Icons

Pages

Wednesday, September 12, 2018

မန္တလေးမြို့တွင် ခွင့်ပြုချက်မကျသေးဘဲ ဆောက်လုပ်နေသည့် ဂိုဒေါင်အဆောက်အအုံပြိုကျ၊ ကိုးဦးဒဏ်ရာရရှိ



မန္တလေး ၁၂-၉-၂ဝ၁၈

မန္တလေးမြို့တွင် ခွင့်ပြုချက် မကျသေးဘဲ ဆောက်လုပ်နေသည့် ဂိုဒေါင် အဆောက်အအုံတစ်လုံး ယနေ့မွန်းတည့် ၁၂ နာရီက ပြိုကျခဲ့ပြီး ပန်းရန်လုပ်သား ကိုးဦးဒဏ်ရာ ရရှိခဲ့သဖြင့် အရေးယူသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာန ဌာနမှူး ဦးဇော်ဝင်းထံမှ သိရသည်။

ပုသိမ်ကြီးမြို့နယ် ရေလှောင်ကန် ကျေးရွာအုပ်စု ရေလှောင်ကန်ကွင်း အတွင်းတွင် ဂိုဒေါင် ဆောက်လုပ်နေခြင်း ဖြစ်ပြီး ပြိုကျမှုကြောင့် အမျိုးသားရှစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာများ ရရှိခဲ့ပြီး ခြေထောက်ကျိုးသူ နှစ်ဦး၊လက်ကျိုးသူနှစ်ဦးနှင့်ဦးခေါင်းပေါက်ပြဲသွားသည့် လူနာတစ်ဦးလည်း ပါဝင်ခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့များက ပြောပြသည်။

"ဒီလိုတိုက်တွေ ဆောက်တဲ့အခါ သတ်မှတ်ထားတဲ့ လုပ်ရမယ့်နည်း စနစ်တွေရှိတယ်။ အလေးဝန်တွေ တွက်ရမယ်။ တိုင်တွေက ဘယ်လောက်ထိ ခံနိုင်ရည်ရှိမလဲ။ အဲဒီတိုင်တွေကို ဘယ်လိုထားမလဲ။ ဒါတွေမှာ လွဲချော်တာပေါ့။ အဓိက ကျွန်တော်တို့ ပြဿနာက သံပန်းသံတံခါး လုပ်တဲ့သူတွေက အဆောက်အအုံတွေ ဝင်ဆောက်တဲ့ကိစ္စပါပဲ"ဟု စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံနှင့် ကုန်ရုံဌာနမှ ဌာနမှူး ဦးဇော်ဝင်းက ပြောပြသည်။

"ထိခိုက်သွားတာကတော့ ပန်းရန်လုပ်သား အဖွဲ့တွေပါ။ စိုးရိမ်စရာတော့ မရှိပါဘူး။ ကျိုးပဲ့ပေါက်ပြဲတာမျိုး ဒဏ်ရာရကြတယ်"ဟု ထိခိုက်ဒဏ်ရာ ရရှိသူများကို ဆေးရုံသို့ပို့ဆောင် ပေးခဲ့သည့် ရွာသစ် ကလေးကျေးရွာလူမှု ကူညီအရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးကျော်လင်းက ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ကျော်ကျော်မင်းနှင့် မြို့တော်ဝန် ဒေါက်တာရဲလွင်တို့ လာရောက်စစ်ဆေးခဲ့ပြီး အရေးယူ နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...