Social Icons

Pages

Wednesday, September 26, 2018

မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကို နိုင်ငံခြားခရီးသွား ဧည့်သည်များ ပိုမိုနှစ်သက်လာ


ရန်ကုန် ၂၆-၉-၂ဝ၁၈

ပြည်တွင်းသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် မြန်မာမှုလက်ရာ ရွှေချည်ထိုး ပန်းချီကားများကိုကြိုက်နှစ်သက်သည့်အတွက် လက်ရှိတွင် ဝယ်ယူမှု များနေကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ရှိ ပြည်တွင်းထွက် လက်ဆောင်ပစ္စည်း ရောင်းချသူများထံမှ သိရသည်။ 

လက်ရှိ ရောင်းချနေရသည့် ရွှေချည်ထိုး ပန်းချီကားများမှာ ရွှေတိဂုံစေတီတော် ပုံတူ ပန်းချီကား၊ မြန်မာ့ဆိုင်းဝိုင်းပုံ၊ ဒေါင်းပုံ၊ မြန်မာ့နွားလှည်းပုံ၊ ကရဝိက်ပုံ၊ ကိန္နရီကိန္နရာပုံ၊ ဆွမ်းခံကြွပုံ၊ ရှင်လောင်းလှည့်ပုံ၊ အိုးစည် ဒိုးပတ်ပုံ၊ သမင်အုပ်ပုံ၊ ရုပ်သေးပုံ၊ နှစ်ပါး သွားပုံ၊ ရှုခင်းပုံများဖြစ်ပြီး တခြားအမျိုးအစား များစွာကိုလည်း ရောင်းချနေရကြောင်း၊ ယင်းအတွက် ရန်ကုန်မြို့ရှိ လက်ဆောင် ပစ္စည်းရောင်းချသူများ အနေဖြင့် အမရပူရမြို့ရှိ ရွှေချည်ထိုး လုပ်ငန်းရှင်များထံမှ ယခင်နှစ်ကထက် ပစ္စည်းများ ပိုမိုမှာယူနေရကြောင်း သိရသည်။

''အခုချိန်မှာ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွား ဧည့်သည်တွေက မြန်မာမှု ပန်းချီတွေကို အနုစိတ် ဖန်တီးထားတာတွေ ပိုမိုသဘောကျလာကြတယ်။ ပြုလုပ်တဲ့ သူတွေရဲ့ လက်ရာလေးတွေကလည်း ရုပ်လုံးကြွပြီး ပိုအနုစိတ်လာတော့ သူတို့က ပိုကြိုက်လာတယ်။ ဒီနှစ်က အရင်နှစ်ကထက် ပိုရောင်းရတယ်။ အခုဆိုရင် ဆိုင်မှာ ဒီဇိုင်းပုံစံအမျိုး ၄ဝ လောက်ရှိလည်း ၄ဝ စလုံး ရောင်းနေရတာပါ'' ဟု ပြည်တွင်း ထွက်လက်ဆောင်များ ရောင်းချနေသူ တစ်ဦးကပြောသည်။ 

နိုင်ငံခြားခရီးသွား ဧည့်သည်များ အနေဖြင့် မြန်မာနိုင်ငံသို့ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အများဆုံး လာရောက်လည်ပတ်လေ့ ရှိသည့်အတွက် ပြည်တွင်းထွက်ပစ္စည်းများမှာလည်း ထိုအချိန်များတွင် ပိုမိုရောင်းချရလေ့ ရှိကြောင်း သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...