Social Icons

Pages

Thursday, September 13, 2018

မိုးစပါးသီးနှံများကို ရေရရှိရေးနည်းလမ်း ငါးသွယ်ဖြင့် စိုက်ပျိုးလျက်ရှိ



မုံရွာ ၁၃-၉-၂၀၁၈

စစ်ကိုင်းတိုင်းဒေသကြီး၌ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် စိုက်ပျိုးမည့် မိုးစပါး သီးနှံများကို ရေရရှိရေးနည်းလမ်း ငါးသွယ်ဖြင့် စိုက်ပျိုးလျက်ရှိရာ သြဂုတ်လကုန်ထိ မိုးစပါးဧက ၁၄၈၄၉၆ဝ စိုက်ပျိုးပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ ရေရရှိရေးနည်းလမ်း ငါးသွယ်တွင် ဆည်ရေသောက်၊ မြစ်ရေတင်၊ မြေအောက်ရေ၊ မိုးကောင်းသောက်၊ သဘာဝရေဝင် နည်းလမ်းတို့ ပါဝင်ကြောင်း၊ စိုက်ပျိုးရေ အများဆုံးရရှိမှုသည် မိုးကောင်းသောက် စနစ်မှဖြစ်ပြီး ရာသီကုန်တွင် မိုးစပါးစိုက်ဧက ၇၉၃၆၁၁ ဧကထိ လည်းကောင်း၊ ဒုတိယအများဆုံး စိုက်ပျိုးရေရရှိမှုသည် ဆည်ရေမှ ဖြစ်ပြီး ရာသီအကုန်တွင် မိုးစပါးစိုက်ဧက ၆၈၁၅၅၅ ဧကထိလည်းကောင်း၊ စိုက်ပျိုးရေအနည်းဆုံး ရရှိမှုသည် မြေအောက်ရေရရှိမှုမှ ဖြစ်ပြီး ရာသီကုန်တွင် မိုးစပါးစိုက်ဧက၂၅၇၉၆ ဧကထိလည်းကောင်း ရေရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

"မိုးစပါးကိုတော့ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးနိုင်ဖို့ နည်းလမ်းတွေကြံဆပြီး လုပ်ဆောင်နေပါတယ်။ ဒီနှစ်မှာ တိုင်းဒေသကြီး အတွင်းက ဆည်တွေကနေ စိုက်ပျိုးရေ အလုံအလောက်ရရှိတဲ့အတွက် လျာထားချက်ပြည့်မီအောင်စိုက်ပျိုးသွားဖို့ စိုက်ပျိုးရေး ဦးစီးဌာနက ဝန်ထမ်းတွေနဲ့ တောင်သူတွေ ပူးပေါင်းပြီး လိုအပ်တဲ့ စိုက်ပျိုး နည်းစနစ်တွေ၊ မြေဆီအလုံအလောက် ရရှိရေးနဲ့ ပိုးမွှားအန္တရာယ် ကင်းရှင်းရေးအတွက် လုပ်ဆောင်ပေးနေပါတယ်"ဟု စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိုက်ထွန်းက ပြောပြသည်။

စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မိုးစပါးစိုက်ပျိုးခြင်းကို ရေရှိရေး နည်းလမ်းငါးသွယ်ဖြင့် ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက မိုးစပါးဧက ၁၈ဝ၉၃၁ဝကို လည်းကောင်း၊ ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီက မိုးစပါး ၁၈၂၁၅၇၇ ဧကကိုလည်းကောင်း စိုက်ပျိုးနိုင်ခဲ့ပြီး ၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ် မိုးစပါးစိုက်ရာသီတွင် မိုးစပါးဧက ၁၈၂၅ဝဝဝကို စိုက်ပျိုးသွားရန် လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။

# မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...