Social Icons

Pages

Thursday, August 9, 2018

ပြည်တွင်း၊ ပြည်ပအဝယ်လိုက်နေ၍ ကြက်သွန်ဈေးကွက် အရောင်းသွက်နေ



ရန်ကုန် ၉-၈-၂ဝ၁၈

ပြည်တွင်း၊ ပြည်ပဝယ်လက်များ အဝယ်လိုက်နေ၍ ကြက်သွန်နီ၊ ကြက်သွန်ဖြူဈေးကွက် အရောင်းအဝယ် ကောင်းလျက်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများနှင့် ရန်ကုန်မြို့ဘုရင့်နောင်ပွဲရုံ ဈေးကွက် သတင်းများအရ သိရသည်။

လက်ရှိတွင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ အပတ်စဉ်တင်ပို့ ရောင်းချပေးခဲ့ရသည်။ ထို့အတူ ပြည်တွင်းတွင်လည်း ဝါတွင်းကာလဖြစ်သဖြင့် ကြက်သွန်ဖြူနှင့် ကြက်သွန်နီဝယ်ယူ မှုများမှာတိုးတက်များပြား လျက်ရှိသည်။

ထို့ကြောင့် ကြက်သွန်ဖြူ၊ ကြက်သွန်နီဈေးကွက်မှာ ပြည်တွင်း၊ ပြည်ပဝယ်လက်များ အဝယ်ရှိနေသဖြင့် ဈေးကွက်ကောင်းပြီး သွက်လက်လှုပ်ရှား နေခြင်းဖြစ်ကြောင်း သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ဇူလိုင် ၂၁ရက်မှ ၂၇ရက်အတွင်း မူဆယ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၃၅၇ သန်းတန်ဖိုးရှိ ကြက်သွန်နီ ၁၂၉၆တန်ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ ရောင်းချပေးခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၄ဝဝဝတန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၅ဝနှင့် အမေရိကန်ဒေါ်လာ ၁-၂၇ဝဝဝတန်ဖိုးရှိ ကြက်သွန်ဖြူတန်ချိန် ၂ဝဝကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပေးခဲ့ကြောင်း၊ထို့အတူ ဇူလိုင် ၁၄ရက် မှ ၂ဝရက်ထိ မူဆယ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၂၇၉၆၆ဝ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၉၄၈ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာလအတွင်း မြဝတီ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၄၃၄၈ဝ တန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၃၇တန်နှင့် တာချီလိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ်လာ ၄၄၂၅ဝတန်ဖိုးရှိ ကြက်သွန်နီတန်ချိန် ၁၅ဝတန်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့သည်။ ကြက်သွန်နီနှင့် ကြက်သွန်ဖြူများကို မူဆယ်၊ မြဝတီ၊ တာချီလိတ်ကုန်သွယ်ရေး စခန်းတို့မှ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ ဈေးကွက်များသို့ တင်ပို့ရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...