Social Icons

Pages

Tuesday, August 21, 2018

ဘားအံမြို့နယ်အတွင်း မြစ်ရေတက်၍ လမ်းများရေကျော်နေ အချို့နေရာများတွင် ယာဉ်ငယ်များသွားလာရန် ခက်ခဲလျက်ရှိ



ဘားအံ ၂၁-၈-၂ဝ၁၈

သံလွင်မြစ်ရေ တက်လာသည့်အတွက် ကရင်ပြည်နယ် ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ဘားအံမြို့နယ် အတွင်းရှိ ကားလမ်းအချို့ ရေကျော်၍ ယာဉ်ငယ်များ သွားလာရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

ယနေ့မွန်းလွဲ ၂နာရီ မိနစ် ၃ဝ ထိ မိုးလေဝသနှင့် ဇလဗေဒ၏ တိုင်းတာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေ အမှတ် ၇၅ဝ စင်တီမီတာ အထက် ၉၁၄ စင်တီမီတာသို့ ရောက်ရှိလျက်ရှိရာ ဘားအံမြို့ပေါ်တွင် အမှတ် (၄) ရပ်ကွက်အတွင်းရှိ လမ်းအချို့တွင် ရေသုံးပေခန့်၊ အမှတ်(၈) ရပ်ကွက်ရှိဘားအံ-ထုံးအိုင် လမ်းမပေါ်တွင် ရေတစ်ပေခန့်၊ အမှတ် (၃) ရပ်ကွက်အတွင်းရှိ လမ်းတချို့တွင် ရေတစ်ပေခန့်နှင့် ဥယျာဉ်(၂)လမ်းနှင့်ဥယျာဉ်(၃) လမ်းပေါ်တွင် ရေအနက် သုံးပေခန့်၊ အမှတ် (၇) ရပ်ကွက်ရှိ လမ်းတချို့တွင် ရေသုံးပေခန့် အသီးသီး ရေကျော်လျက်ရှိကြောင်း သိရသည်။

ထို့အတူ ဝါးဘိုးတော- ကမမောင်း-ဖာပွန်လမ်းပိုင်း မိုင်တိုင်အမှတ် ၂၃နှင့် ၂၄ကြားတွင် ရေနှစ်ပေခွဲခန့်နှင့် မိုင်တိုင်အမှတ် ၄၈ နှင့် ၄၉ကြားတွင် ရေသုံးပေခွဲခန့်၊ ဘားအံ-ဝင်းကျန်လမ်းတွင် ရေနှစ်ပေခန့်၊ လှာကာ-ဖားပု-ကျုံပိုက်မုက္ကဒိကား လမ်းမပေါ်ရှိ ကျုံပိုက် ကျေးရွာအနီးတွင် ရေအနက် သုံးပေခန့်၊ ဖားပုကျေးရွာ အနီးတွင်ရေ သုံးပေခန့်၊ လှာကာအုပ်ချုပ်ရေး မှူးရုံးရှေ့တွင် ရေနှစ်ပေခွဲခန့် အသီးသီးရေကျော် လျက်ရှိကြောင်းနှင့် ဘားအံ မြို့နယ်အတွင်းရှိ အချို့ကျေးရွာ များတွင်လည်း မြစ်ရေများ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ သံလွင်မြစ်ရေတိုး လာခြင်းကြောင့် ဘားအံမြို့ပေါ် ရပ်ကွက်များနှင့် ကျေးရွာအချို့တို့တွင် ရေဘေးရှောင်စခန်း ၁၁ခု ဖွင့်လှစ်ထားပြီး ရေဘေးရှောင် အိမ်ထောင်စု ၁၅ဝဝကျော်မှ ရေဘေးရှောင်ပြည်သူ အမျိုးသား၊အမျိုးသမီးဦးရေ ၈ဝဝဝ ကျော် ခိုလှုံနေရကြောင်း၊ လမ်းများရေကျော် နေသည့်အတွက် အချို့နေရာများတွင် ယာဉ်ငယ်များနှင့် ဆိုင်ကယ်များသွားလာရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...