Social Icons

Pages

Monday, August 20, 2018

မြသလွန်စေတီတော်မြတ်၏ မြောက်ဘက် မဟာအတုလရံသီ တန်ဆောင်းတော်ကို မြန်မာမှုဗိသုကာ လက်ရာများဖြင့် မွမ်းမံပြင်ဆင်



မကွေး ၂ဝ-၈-၂ဝ၁၈

မကွေးမြို့ မြသလွန်စေတီ ရင်ပြင်တော်မြောက်ဘက်ရှိ မဟာအတုလရံသီ တန်ဆောင်းတော၏ မျက်နှာကြက်များ၊ နံရံများ၊ တိုင်လုံးများကို သြဝါဒ ဆရာတော်ကြီးများ၏ မြွက်ကြားချက်နှင့် အညီအမရပူရ ခေတ်လက်ရာ၊ တကောင်း ခေတ်လက်ရာတို့ဖြင့် မွမ်းမံခြယ်သ ပြင်ဆင်လျက်ရှိကြောင်း မြသလွန်စေတီ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ဆရာတော်ကြီးများထံ တင်ပြလျှောက်ထားပြီး အတည်ပြုထားသည့် တိုင်ပုံစံ၊ ကနုတ်ပုံစံ၊ ပန်းပုံစံများကို မန္တလေးမြို့ တမ္ပဝတီ ဦးဝင်းမောင်နှင့်အဖွဲ့က မြန်မာ့ဗိသုကာ ပညာရပ်ဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ပြီး နဝကမ္မငွေကျပ်သိန်း ၁၁ဝဝ ကျော် အသုံးပြုလုပ်ဆောင်သွားမည် ဖြစ်သည်။

"ဒီတန်ဆောင်းတော်ကြီးက အလျား ၁ဝ၈ပေ၊ အနံပေ ၃ဝရှိပါတယ်။ ဝါတွင်းဥပုသ်သည်တွေ တစ်နေကုန် နားနေဝတ်ပြုရာ တန်ဆောင်းတော်ဖြစ်ပါတယ်။ မူလအဆောက်အအုံက ခိုင်ခံ့မှုကို အသားပေးပြီး တည်ဆောက်ထားတာပါ။ ဆရာတော်ကြီးတွေက မြန်မာမှုလေးတွေနဲ့ ပိုပြီးတော့ သင့်တော်ပါတယ်ဆိုပြီးတော့ သြဝါဒပေးလို့ လုပ်ဆောင်ဖြစ်သွားတာပါ"ဟု မြသလွန်စေတီ ဘဏ္ဍာတော်ထိန်း ဂေါပကဒုတိယဥက္ကဋ္ဌ ဦးအေးကျော်က ပြောပြသည်။

တန်ဆောင်း၏အတွင်း၊ အပြင်နေရာများအားလုံးကို မြန်မာမှုများ ထည့်သွင်းပြီး ဘုရားဖူးလာပြည်သူ များအတွက် ဘာသာရေးနယ်မြေ နှင့်တူတန်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ၂ဝ၁၈ခုနှစ် ဇူလိုင်လပထမပတ်ထဲတွင် စတင်ဆောင်ရွက်ခဲ့ပြီး သီတင်းကျွတ်ပွဲတော် မတိုင်မီ အောက်တိုဘာ ၁၅ရက်တွင် လုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

စေတီတော်မြတ်၏ ရင်ပြင်တော်တွင် မှန်တိုက်ဖြစ်သည့် မဟာဝိဇယတန်ဆောင်း၊ သဘာဝလေရှူရှိုက်နိုင်သော မဟာအတုလရံသီ တန်ဆောင်းတော်၊ ရွှေဘုံသာမုနိတန်ဆောင်း၊ လျောင်းတော်မူတန်ဆောင်း၊ ဓာတ်တော်တိုက်နှင့် ပဝါရဏာ အသင်းနေရာများမှာ ဘုရားဖူးများ အေးချမ်းစွာနား နေဝတ်ပြုနိုင်သော နေရာများဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...