မိုးကောင်း ၁၃-၈-၂ဝ၁၈
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် ဆိုင်ကယ်တစ်စီးကို လူငယ် သုံးဦးက တွန်းလာသဖြင့် မသင်္ကာ၍ စစ်မေးရာမှ ဆိုင်ကယ် ခိုးယူလာကြောင်း စစ်ဆေးပေါ် ပေါက်ခဲ့ကြောင်း သိရသည်။
နမ္မတီးနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ဒုတိယရဲအုပ် ကျော်လှိုင်ထွန်း ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် သြဂုတ် ၁၁ ရက် မွန်းလွဲ ၁နာရီ ၄၅ မိနစ်က သက်သေများနှင့် အတူမြို့ပေါ် ရပ်ကွက်အတွင်း လှည့်ကင်း ဆောင်ရွက်စဉ် သူဌေးကုန်း ကျေးရွာ ဆိပ်သာရပ်ကွက်အနီး ရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု လမ်းမကြီး ဘေးတွင် KENBO-125 ဆိုင်ကယ်တစ်စီးနှင့်အတူ မသင်္ကာဖွယ် လူငယ်သုံးဦးကို တွေ့ရှိသဖြင့် စစ်မေးမှုပြုလုပ်ရန် ၎င်းတို့အနီးသို့ သွားရောက်စဉ် ၎င်းလူငယ်သုံးဦးမှာ လယ်ကွင်းအတွင်း ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
ထိုသို့ဖမ်းဆီးခဲ့ရာ ဂျေမောင်မောင်၊ ရီဝေဦးတို့နှစ်ဦးကိုသာ ဖမ်းဆီးရမိသဖြင့် စစ်မေးရာ ထွက်ပြေးလွတ်မြောက် သွားသူမှာ မြတ်အောင်ဆိုသူ ဖြစ်ပြီး ဂျေမောင်မောင်မှာ နမ္မတီးနယ်မြေ ရဲတပ်ဖွဲ့စခန်းက ဆိုင်ကယ်ခိုးယူမှုဖြင့် (ပ)၁၆/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၃၈ဝ(ဆက)ဖြင့် အလိုရှိသူဖြစ်ကာ ယခုတွေ့ရှိရသော ဆိုင်ကယ်နှင့်အတူ ဆိုင်ကယ်ခိုးယူရာတွင် အသုံးပြုသည့် ကတ်ကြေး၊ပလာယာနှင့် ကွင်းခွပစ္စည်း ကိုးမျိုးကို ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဂျေမောင်မောင်၊ ရီဝေဦး မိုးကောင်းမြို့နေသူတို့ နှစ်ဦးနှင့်မြတ်အောင် နမ္မတီးမြို့နေသူ (ထွက်ပြေးတိမ်းရှောင်) ကို နမ္မတီးနယ်မြေ ရဲတပ်ဖွဲ့စခန်းက (ပ) ၁၉/၂ဝ၁၈၊ ပြစ်မှုပုဒ်မ-၃၈ဝ/ကျင့်၅၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။
#Themyawadydaily


No comments:
Post a Comment