Social Icons

Pages

Wednesday, August 1, 2018

လာမည့်ခရီးသွားကာလတွင် နိုင်ငံခြားသားသီးသန့်သင်္ဘောများ ကြံ့ခိုင်မှုအပိုင်း စစ်ဆေးပြီးမှသာ ပြေးဆွဲခွင့်ပြုမည်



မန္တလေး ၁-၈-၂ဝ၁၈

လာမည့်ခရီးသွား ကာလတွင် နိုင်ငံခြားသား သီးသန့်သင်္ဘောများ ကြံ့ခိုင်မှုအပိုင်းကို သင်္ဘောကျင်း သုံးခု၌ စစ်ဆးပြီးမှသာ ပြေးဆွဲခွင့်ပြုမည် ဖြစ်ကြောင်း နိုင်ငံခြားသား ပို့ဆောင်ရေး ရေယာဉ်အသင်း (မန္တလေး) မှတာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

မကြာမီလပိုင်းအတွင်း ခရီးသွားကာလ ပြန်လည်ရောက်ရှိလာ တော့မည်ဖြစ်ကြောင်း၊ ၎င်းကာလတွင် အရှေ့တောင်အာရှနှင့် ဥရောပနိုင်ငံများမှ ခရီးသွားများ မြန်မာနိုင်ငံနေရာ အနှံ့အပြားသို့ နှစ်စဉ်လာရောက် လည်ပတ်လျက် ရှိကြောင်း၊ ထိုသို့လည်ပတ်ရာတွင် မန္တလေးမြို့ရှိ အထင်ကရနေရာများ အပါအဝင် မင်းကွန်းနှင့် ပုဂံဒေသသို့ သွားရောက်မည့် နိုင်ငံခြားသား ခရီးသွားများ အသက်အန္တရာယ် ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေး အတွက် လက်ရှိ မရမ်းခြံဆိပ်ကမ်းရှိ နိုင်ငံခြားသား သီးသန့်သင်္ဘောများ၏ ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။

"ခရီးသွားကာလကို ရောက်ဖို့ လအနည်းငယ် လာက်ပဲလိုတော့တယ်။ ဒီရာသီမရောက်မီ သင်္ဘောတွေအနေနဲ့ ဧရာဝတီမြစ်အတွင်း ပြေးဆွဲတဲ့အခါ ကြံ့ခိုင်မှုအပြည့်အဝ ရှိနေဖို့လိုတယ်။ ဒါကြောင့်ခရီးသွား ရာသီမရောက်မီ ကာလမှာ သင်္ဘောတွေကို စစ်ဆေးပြီးမှ မြစ်အတွင်း ပြေးဆွဲခွင့်ပြုသွားမှာပါ"ဟု ၎င်းကပြောပြသည်။

ယခုမန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းရှိ သင်္ဘောများကို ခရီးသွားရာသီ ကာလမတိုင်မီ တစ်လအလိုတွင် ၎င်းတို့၏ကြံ့ခိုင်မှုအပိုင်းကို စစ်ဆေးမည်ဖြစ်ပြီး အကယ်၍ ကြံ့ခိုင်မှုမပြည့်ဝပါက သင်္ဘောကျင်း သုံးခုဖြစ်သည့် ရတနာပုံ သင်္ဘောကျင်း၊ ရေကြောင်းပို့ဆောင်ရေး ဝင်းအတွင်းရှိ သင်္ဘောကျင်းနှင့် မင်းကွန်း သင်္ဘောကျင်းတို့၌ လွန်းတင်ရမည်ဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝမှသာ ဧရာဝတီမြစ်အတွင်း ပြန်လည်ပြေးဆွဲ ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

လာမည့်ခရီးသွား ကာလတွင် မန္တလေးမြို့ မရမ်းခြံဆိပ်ကမ်းမှ ဧရာဝတီ မြစ်အတွင်းရှိ လင်းပိုင်များ သွားရောက်ကြည့်ရှုမည့် ခရီးစဉ်အပြင် မင်းကွန်းနှင့် ပုဂံဒေသ ခရီးစဉ်များကိုပါ နိုင်ငံခြားသားများ သီးသန့်သွားရောက်လည်ပတ်
နိုင်ရေး ၎င်းဆိပ်ကမ်းမှ သင်္ဘောအစီးရေ ပျှမ်းမျှ ၈ဝကျော် ပြေးဆွဲပေး သွားမည်ဖြစ်ပြီး အလားတူနိုင်ငံခြားသား ခရီးသွားဧည့်သည် များအတွက်လည်း မရမ်းခြံဆိပ်ကမ်းမှ ထပ်မံ၍ သင်္ဘော ၁ဝစီးခန့်တိုးချဲ့ပြေးဆွဲပေးသွားရန် လျာထားကြောင်း သိရသည်။

အလားတူ ၎င်းဆိပ်ကမ်းရှိ သင်္ဘောများကိုလည်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည့် လိုင်စင်သက်တမ်းမှာ နှစ်နှစ်ဖြစ်ပြီး သက်တမ်းကုန်ဆုံး တော့မည့်သင်္ဘော များကိုလည်း ပြန်လည် စစ်ဆေးကာ လွန်းတင်၍ စိတ်ချရသည့် အခြေအနေရောက်မှသာ ဧရာဝတီမြစ် အတွင်းပြန်လည် ပြေးဆွဲခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...