Social Icons

Pages

Tuesday, August 7, 2018

ယခုမီနီဘတ်ဂျက် လေးလတာအတွင်း နိုင်ငံပေါင်း ၅၀ ကျော်ကို ဆန်နှင့်ဆန်ကွဲ မက်ထရစ်တန်ရှစ်သိန်းကျော် တင်ပို့ထားပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော်ရရှိ



နေပြည်တော် ၇-၈-၂ဝ၁၈

ယခု မီနီဘတ်ဂျက်ဖြစ်သည့် ဧပြီလမှ စက်တင်ဘာလထိ ခြောက်လတာကာလတွင် ဧပြီ ၁ ရက်မှ ဇူလိုင် ၂၇ရက်ထိ လေးလတာ ကာလအတွင်း နိုင်ငံပေါင်း ၅၅ နိုင်ငံကို မြန်မာ့ဆန်နှင့် ဆန်ကွဲမက်ထရစ်တန် ၈ဝ၂- ၂၁၂ဒသမ၅၇တန်ထိ တင်ပို့ထားကာ ပို့ကုန်ဝင်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၇၇၅သန်း ရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

ယခုနှစ် ဧပြီလမှ ဇူလိုင် ၂၇ ရက်အတွင်းထိ ပြည်ပနိုင်ငံပေါင်း ၅၅ နိုင်ငံသို့ မြန်မာ့ဆန်မက်ထရစ်တန် ၆၂ဝ၅၁၁ ဒသမ ၈၆တန်နှင့် ဆန်ကွဲမက်ထရစ်တန် ၁၈၁၇ဝဝ ဒသမ ၇၁တန်ဆန်နှင့် ဆန်ကွဲစုစုပေါင်း မက်ထရစ်တန် ၈ဝ၂၂၁၂ ဒသမ ၅၇ တန်ထိ တင်ပို့ထားနိုင်ြပီး ပို့ကုန်ဝင်ငွေအဖြစ် ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂၃ ဒသမ ၃၄၇သန်း၊ ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၄ဒသမ၄၂၈သန်း စုစုပေါင်းပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၇ ဒသမ ၇၇၅သန်းရရှိ ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

"ဆန်နဲ့ ဆန်ကွဲတွေကိုတော့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကရော ပင်လယ်ရေကြောင်း လမ်းကနေပါ တင်ပို့နေတာပါ။ ခုလောလောဆယ်မှာတော့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ရေးကဏ္ဍ လျော့ကျမှု လေးတွေရှိနေပေမယ့် ဆန်နဲ့ဆန်ကွဲ တင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် ပိုမိုတင်ပို့နေရပါတယ်။ တရုတ်ကိုတော့ ဆန်တင်ပို့မှု နည်းနည်းကျတာပေါ့။ သူတို့က အရန်ဆန်သိုလှောင်တဲ့ အနေအထားတွေ ရှိနေတော့လေ။ ခုဆန်နဲ့ဆန်ကွဲမှာလဲ နယ်စပ်လမ်းကြောင်းနဲ့ ပင်လယ်ရေကြောင်းတို့မှာ နယ်စပ်က သွားတာပိုများပါတယ်"ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောပြသည်။

ထို့သို့ ဆန်နှင့်ဆန်ကွဲ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတင်ပို့မှုမှာ ၄၄၄ဝ၄၁ ဒသမ ၆ မက်ထရစ်တန် တင်ပို့ထားကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၆၈၈ သန်း၊ ပင်လယ်ရေကြောင်းဖြင့်တင်ပို့မှုမှ ၃၅၈၁၇ဝ ဒသမ ၉၇ မက်ထရစ်တန် တင်ပို့ထားကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁၉ ဒသမ ဝ၈၇ သန်းတို့ရရှိထားပြီး နယ်စပ်တင်ပို့မှုမှ ပိုမိုတင်ပို့နိုင်ကာ ပို့ကုန်ဝင်ငွေမှာလည်း ပင်လယ်ရေလမ်းကြောင်းမှ တင်ပို့မှုထက် ပိုမိုရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်၏ စာရင်းများအရ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...