ဒီပဲယင်း ၁ဝ-၇-၂ဝ၁၈
ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ဆင်ရောက်ကုန်းရွာမှ ကျောင်းသား မိဘများသည် ရွာရှိအခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)ကို အခြားရွာသို့ မပြောင်းရွှေ့စေရေး အတွက် မုံရွာမြို့သို့ ယနေ့က ထပ်မံချီတက် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
သုံးရွာပေါင်း၏ ကျောင်းသား၊ ကျောင်းသူဦးရေသည် လက်ရှိ စာရင်းအရ ၁၆၆ဦးရှိပြီး ဆင်ရောက်ကုန်းရွာမှ ကျောင်းသား၊ ကျောင်းသူ ၆၂ဦး ရှိကြောင်း၊ ဆင်ရောက်ကုန်းရွာနှင့် ချောင်းခြားသော တနယ်အုပ်စုရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)ကျောင်းဆောင်သစ်သို့ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ဆရာမများ ရွှေ့ပြောင်းသင်ကြားရန် စစ်ကိုင်းတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဇွန် ၂၆ ရက်က စာထုတ်ပြန်ခဲ့ရာမှ အမိန့်စာကို ပယ်ဖျက်ပေးရန် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများက ပြောပြသည်။
ဆင်ရောက်ကုန်း ကျေးရွာမှာ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ဖွင့်လာတာ ၆၃နှစ်ရှိပါပြီ။ ကျောင်းကို ဒေသခံတွေနဲ့တွေ့ဆုံ ညှိနှိုင်းတာလဲမရှိ၊ ပညာရေးဌာနကလဲ ဘာမှညှိနှိုင်း တွေ့ဆုံတာမရှိဘဲ တနယ်ကျေးရွာဘက်ကို ဇွန် ၂၆ ရက်က အမိန့်စာထုတ်ပြီး ဇူလိုင် ၂ရက်က ကျောင်းပြောင်း သွားတဲ့အတွက် ကျောင်းသား မိဘတွေ၊ ဒေသခံတွေစုပြီး ဆန္ဒထုတ်ဖော် ကြတာပါ"ဟု ဆင်ရောက်ကုန်း ကျေးရွာဒေသခံ ကိုအောင်ကျော်နိုင်က ပြောပြသည်။
ဆင်ရောက်ကုန်း ကျေးရွာအုပ်စုတွင် ဆင်ရောက်ကုန်း ကျေးရွာ၊ တနယ်ကျေးရွာနှင့် စည်သာကျေးရွာ သုံးရွာဖြင့် ဖွဲ့စည်းထားပြီး ဆင်ရောက်ကုန်း ကျေးရွာတွင် လွန်ခဲ့သော ၆၃နှစ်ကတည်းက အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) ရှိခဲ့ပြီး တနယ်ရွာနှင့် စည်သာရွာမှ ကျောင်းသား၊ ကျောင်းသူများကလည်း ဆင်ရောက်ကုန်း အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) သို့ လာရောက်ပညာ သင်ကြားရခြင်း ဖြစ်ကြောင်း သိရသည်။
ကျောင်းမပြောင်းရွှေ့ ရေးအတွက် ဇူလိုင် ၂ ရက်ကလည်း ဒီပဲယင်းမြို့ပေါ်တွင် ဒေသခံဦးရေ ၁ဝဝကျော် ဆန္ဒထုတ်ဖော် ခဲ့သော်လည်း ထိရောက်မှု မရှိ၍ မုံရွာမြို့တွင်ထပ်မံ ဆန္ဒထုတ်ဖော်ကြခြင်း ဖြစ်ကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment