Social Icons

Pages

Tuesday, July 17, 2018

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးမှ စကားသံများ



နေပြည်တော် ၁၇-၇-၂ဝ၁၈

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံတတိယ အစည်းအဝေး ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ အစည်းအဝေးသို့ တက်ရောက် လာကြသူများ၏ စကားသံများကို ဖော်ပြလိုက်ရပါသည်-

ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း (ငြိမ်းချမ်းရေး ညီလာခံ သဘာပတိ အဖွဲ့ဝင်)

နောက်လုပ်မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးပြီးတာနဲ့ လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်လို့ သူတို့ အလုပ်ရုံဆွေးနွေးပွဲလုပ်ပြီးတော့ ဆွေးနွေးကြမှာပါ။ ဒါကို တိုးတက်အောင် လုပ်ရမယ်။ လုံခြုံရေးကဏ္ဍ မပါလို့မရဘူး၊ ပါမှရမယ်။ လုံခြုံရေး ကဏ္ဍပါနိုင်ဖို့အတွက်ကို နောက်ငြိမ်းချမ်းရေး ညီလာခံတွေမှာ အစုအဖွဲ့ အသီးသီးကနေ ဝိုင်းဝန်းကြိုးပမ်းပြီး ဆောင်ရွက်နေပါတယ်။ အခက်အခဲဆိုတာထက် နှစ်ဖက်စလုံးက သဘောတူညီမှုတော့မရသေးဘူး။ သူ့အမြင်၊ ကိုယ့်အမြင်ဖြစ်နေကြတာပါ။ လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေး ကိစ္စတွေကလည်း မလွဲမသွေ လုပ်ရမယ့်ကိစ္စပဲဖြစ်ပါတယ်။ အစုအဖွဲ့တွေကနေ ညီလာခံပြီးတာနဲ့ အမြန်ဆုံး အလုပ်ရုံ ဆွေးနွေးပွဲတွေ၊ တိုးတက်မှုရလဒ်တွေရအောင်ဆောင်ရွက်ကြမယ်။ ဆွေးနွေးပွဲတွေတစ်ခုပြီးတစ်ခု ရောက်တိုင်းရောက်တိုင်းမှာ ရှေ့ကို ရွေ့သွားမှာပဲ။ ဒုတိယအကြိမ်အစည်းအဝေးမှာ ၃၇ ချက်၊ အခု တတိယ အကြိမ်အစည်း အဝေးမှာ ၁၄ ချက်၊ နောက်အစည်းအဝေးတွေမှာလည်း တိုးတက်လာမှာပဲ၊ တိုးတက် တယ်ဆိုတာ ကောင်းသော ရလဒ်ပဲလေ၊ ရှေ့ကိုပဲ သွားမှာပါ နောက်ဆုတ်စရာမရှိပါဘူး။

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) (UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်)

ဒီညီလာခံဟာ သာမန်အားဖြင့်ကြည့်မယ်ဆိုရင် NCA လက်မှတ်မထိုးရ သေးတဲ့အဖွဲ့ တွေတက်ရောက်တာရှိပါ တယ်။ တကယ်တော့ နိုင်ငံရေး အရကြည့်မယ်ဆိုရင် အနှစ်သာရ အများကြီးရှိပါတယ်။ သူတို့ဖွင့်ပွဲ အခမ်းအနားကို လာတက်ပြီဆိုက တည်းက ငြိမ်းချမ်းရေး လမ်းစဉ်ကို သူတို့လက်ခံတယ်ဆိုတဲ့ အနေအထားမျိုးကို တွေ့ရ ပါတယ်။ ပြီးတော့ သူတို့ ရောက်ရှိလာတဲ့အချိန် နိုင်ငံတော်အကြီးအကဲတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါမှာ သူတို့ဟာ ဒုတိယခေါင်းဆောင်တွေ၊ ဒုတိယဥက္ကဋ္ဌ တွေဖြစ်ပါတယ်။ ပြီးတော့ နိုင်ငံတော်ရဲ့ အမြင်၊ စေတနာ၊ တပ်မတော်ရဲ့ သဘောထား၊ တပ်မတော်ရဲ့ စေတနာတွေကို သူတို့ကိုယ်တိုင် နားနဲ့ကြားသွားတဲ့ အတွက်ကြောင့် ဒါတွေကို သူတို့ရဲ့သက်ဆိုင်ရာ ကော်မတီတွေ၊ ဗဟို ကော်မတီတွေကို တင်ပြမယ်ဆိုရင် အပြုသဘော ဆောင် တဲ့ အတွက်ကြောင့် နိုင်ငံရေးအနှစ်သာရ အများကြီးရှိပါတယ်။ သူတို့တွေလည်းအများကြီး ဝမ်းမြောက်ဝမ်းသာ ရှိပါတယ်။ ဒီကလူကြီးတွေ ကလည်း နွေးနွေးထွေးထွေးနဲ့ဆက်ဆံတယ်၊ အသေးစိတ် ရှင်းပြတယ်၊ ဆွေးနွေးကြ တယ်၊ သူတို့ ကိုယ်တိုင်ကလည်း သူတို့ရဲ့သဘောထား ကိုတင်ပြနိုင်ခွင့် ရလိုက်ခြင်းဟာ သူတို့အတွက် အမြတ် ဖြစ်ပါ တယ်။ ဒါဟာလည်း နိုင်ငံရေး အတွက် အနှစ်သာရ အများကြီးရှိပါတယ်။

ဗိုလ်ချုပ် စိုးနိုင်ဦး (UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်)

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေလက်မှတ်ရေးထိုးထားတဲ့ ဒေသတွေမှာ တိုက်ပွဲတွေမရှိ သလောက် ပါပဲ။ လက်နက်တွေ ကိုင်ထားဆဲဖြစ်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ကတော့ ဘယ်တော့တိုက်ပွဲပြန်ဖြစ် မလဲဆိုတဲ့အယူအဆနဲ့ စိုးရိမ်စိတ်တွေဖြစ်နေတယ်။ မြန်မာနိုင်ငံရေးရဲ့ငြိမ်းချမ်းရေးဖြစ်စဉ် မှာစိုးရိမ်ကြီးမှုတွေ၊ မယုံကြည်မှုတွေ၊ သံသယ စိတ်တွေ အမြန်ဆုံးလျှော့ချဖို့လိုပါတယ်။ ဒါကြောင့် ဆွေးနွေးတဲ့အခါမှာ NCA ကို သေချာ လေ့လာ စေချင်တယ်။ လုံခြုံရေးကဏ္ဍ မှာတော့ ဒုတိယအကြိမ် အစည်းအဝေးနဲ့ တတိယအကြိမ် အစည်း အဝေး ကြားထဲမှာ အလွတ်သဘော ဆွေးနွေးမှု လေးကြိမ် လုပ်ခဲ့ပါတယ်။ လုံခြုံရေးကဏ္ဍ ကတော့ ထိရှလွယ်တဲ့ ကိစ္စဖြစ်ပါတယ်။ နိုင်ငံရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍက အပြန်အလှန်ချိတ်ဆက်မှုရှိပါတယ်။နိုင်ငံရေးအရအဆင်မပြေရင် လုံခြုံရေးအရ၊ စစ်ရေးအရ ဆောင်ရွက်ရတာရှိပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ခုလုံးမှာ နိုင်ငံ ရေးကဏ္ဍနဲ့ လုံခြုံရေးကဏ္ဍမှာ အဓိကကျတဲ့အချက်တွေ အဆင်ပြေသွားပြီဆိုရင်တော့ ငြိမ်းချမ်းရေး ရဖို့ နီးစပ်သွားပါပြီ။

ဗိုလ်ချုပ်စန်းမြင့် (UPDJC အဖွဲ့ဝင်)

မြေယာနဲ့သဘာဝပတ်ဝန်းကျင်ကဏ္ဍမှာ အချက်နှစ်ချက် သဘောတူနိုင်ခဲ့ပါတယ်။ ဒီကဏ္ဍတွေကို ဆွေးနွေးတဲ့အခါ ဘာကိုအခြေခံသလဲဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့အင်္ဂါရပ်ကိုဖော်ပြတဲ့နေရာမှာ အချက်ငါးချက် ပေါ်မူတည်ပြီး ဆွေးနွေး ပါတယ်။ မြေယာတွေကို နိုင်ငံတော်က လုပ်ပိုင်ခွင့် ချပေးတဲ့အခါမှာ နိုင်ငံသားတွေပဲ ပိုင်ဆိုင်ခွင့်ရှိရ ပါမယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီနိုင်ငံရေးအခြေအနေအရ အင်မတန် အရေးကြီးတဲ့ အနေအထားဖြစ်ပါတယ်။

ဒါကြောင့် မြေပိုင်ဆိုင်မှုကို သတ်မှတ်တဲ့အခါမှာ နိုင်ငံသားများသာ ပိုင်ဆိုင်ခွင့်ရှိရမယ်။ နိုင်ငံခြားသားတွေ၊ တရားမဝင် နေထိုင်တဲ့သူတွေ ပိုင်ဆိုင်ခွင့်မရှိစေရဆိုတဲ့အချက်ကို ဆွေးနွေးပြီး ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ အလားတူ မြေယာနဲ့ ပတ်သက်ပြီး စီမံကိန်းကြီးတွေ၊ တိုင်းပြည်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုး တက်ရေး စတဲ့ စီမံကိန်းတွေ ဖော်ဆောင်တဲ့ အခါမှာ ဖွံ့ဖြိုးမှုကို သွားရင် ပတ်ဝန်းကျင်ကို ထိခိုက်တယ်။ ဒါကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိဖို့၊ ထိခိုက်မှုလျှော့ချပြီး ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့၊ ထိခိုက်သွားရင်လည်း အကျိုး သက်ရောက် သွားတဲ့သူတွေကို ခံစားခွင့်ရရှိ အောင်မူတည်ပြီး ဆွေးနွေးခဲ့တာဖြစ်ပါတယ်။မြေယာနဲ့ပတ်သက်ပြီးတော့ နေရာတိုင်းမှာ အငြင်းပွားမှုတွေရှိပါတယ်။ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ထိစပ်နေတဲ့နေရာ မှာလည်း အငြင်းပွားမှုရှိပါတယ်။ နိုင်ငံတော်ရဲ့ နယ်နိမိတ်အတွင်းမှာ ရှိတဲ့အတွက် နိုင်ငံတော်ကပဲ ပိုင်ဆိုင်တယ်၊ နိုင်ငံတော် ကပဲ ကာကွယ်ရတယ်၊ ဒါကြောင့် မြေယာသည် နိုင်ငံတော်က ပိုင်ဆိုင်တယ်၊ ဒါကို နိုင်ငံသားတွေက ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုတာကို ဆွေးနွေးခြင်းဖြစ်ပါတယ်။

ဦးဇော်ဌေး ( UPDJC အတွင်းရေးမှူးအဖွဲ့ အဖွဲ့ဝင်)

နိုင်ငံရေးအရ နိုင်ငံကို ဘယ်လိုအမည် သတ်မှတ်မလဲဆိုတာ အငြင်းပွားမှုတွေအများကြီးဖြစ်ခဲ့ပါတယ်။ နောက်ဆုံး တော့လည်း အဆင်ပြေသွားခဲ့ပါတယ်။ အဓိကအချက်ကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ NCA ဖြစ်ပေါ်လာတဲ့၊ နိုင်ငံရေး ဆွေးနွေးမှုဖြစ်ပေါ်လာတဲ့ လမ်းကြောင်းကို ဘယ်သူမှမပျောက်စေချင်ကြပါဘူး။ ဖက်ဒရယ်မူရဲ့ အဓိက အရေးကြီးတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ပြည်ထောင်စုမပြိုကွဲရေး၊ မခွဲထွက်ရေး စတဲ့ကိစ္စတွေကို ဒီညီလာခံပြီး တာနဲ့ ကျွန်တော်တို့ ဆက်လုပ်မယ်၊ အဲ့ဒါတွေ ပြေလည်သွားပြီဆိုရင် ကျန်တဲ့ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍ အသီးသီးက ပြေလည် သွားပြီးတော့ နိုင်ငံရေးသဘောတူညီချက်တွေ ရသွားပြီဆိုရင် အားလုံးမျှော်လင့်တဲ့ ငြိမ်းချမ်းရေးရမှာပါ။ အစိုးရက ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ရပ်ဆိုင်းနေတာမျိုး မဖြစ်စေချင်ပါဘူး။ ပုံမှန် သွားနေဖို့ လိုပါတယ်။ ဒါမှလည်း ယုံကြည်မှု ရှိလာမယ်။ အခုညီလာခံမှာ လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေလာတက်ကြတယ်။ အလားတူ လက်မှတ်ထိုးပြီးသား ခေါင်းဆောင်တွေကလည်း တွေ့ဆုံပြီး ကြုံတွေ့နေရတဲ့အခက်အခဲတွေကို ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးကြတယ်၊ သဘောတူညီမှု တွေလည်းရတယ်။ ဒါကြောင့် ဒီညီလာခံကို ကျေနပ်အားရမှုရှိပါတယ်။

ဗိုလ်ချုပ် တင်မောင်ဝင်း (နိုင်ငံရေးကဏ္ဍ၊ လုပ်ငန်းကော်မတီဝင်)

နိုင်ငံရေးကဏ္ဍအနေနဲ့ ဆွေးနွေးခဲ့တာကတော့ ခေါင်းစဉ်က ကျား/မဆိုင်ရာ တန်းတူညီမျှမှုဖြစ်ပါတယ်။ အချက် လေးချက်ရှိပါတယ်။ အချက်လေးချက်ကို ဆွေးနွေးစဉ်မှာ နိုင်ငံသားဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ဘယ်နိုင်ငံက ဆိုလိုတယ်ဆိုတာ မပေါ်လွင်ပါဘူး။ ဒီမိုကရေစီနဲ့ ဖယ်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စု ဆိုတဲ့ စာသားနဲ့ ပဲဖြစ်နေတဲ့အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုတာကို ထည့်သွင်းသင့်ကြောင်း အကျေအလည် ဆွေးနွေးပြီးတော့မှ နောက်ဆုံး UPDJC အစည်းအဝေးမှာ တပ်မတော်က အဆိုပြု တင်သွင်းသည့် အတိုင်းပဲ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ နိုင်ငံသားဆိုတာ ပါဝင်ပြီးတော့မှ နောက်ပိုင်းကတော့ ကျား/ မဆိုင်ရာ အခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ပါဝင်ပြီး သားဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းပါဝင် ဖို့အားပေးရန် အားပေးရန်ဆိုတာ လုံလောက်ပါတယ်။ ၃ဝ ရာခိုင်နှုန်းဆိုတာ သတ်မှတ်ချက် အတိအကျတော့လုပ်လို့မရပါဘူး။ ဒါကိုလည်း အကျေအလည် ဆွေးနွေးပြီး တော့မှ သဘောတူ တာဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး ဆိုတာလည်း လက်ခံနိုင်တဲ့ အနေအထားရှိပါတယ်။ ဘုံသဘောတူညီချက်အနေနဲ့ လေးချက် ဆွေးနွေး အတည်ပြု နိုင်ခဲ့ ပါတယ်။

ဗိုလ်ချုပ်နေလင်း (လူမှုရေးကဏ္ဍ၊ လုပ်ငန်းကော်မတီဝင်)

လူမှုရေးကဏ္ဍဆွေးနွေးမှုအနေနဲ့ အချက် ခုနစ်ချက်သဘောတူနိုင်ခဲ့ပါတယ်။ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေး၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များမှာ အမျိုးသမီးများ အနည်းဆုံး ၃ဝ ရာခိုင်နှုန်းပါဝင် နိုင်ရေးကိစ္စ၊ လူတိုင်း လက်လှမ်းမီတဲ့ကျန်းမာရေးနဲ့ ပညာရေးကိစ္စ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များ နဲ့ပတ်သက်ပြီးတော့ အထူးဥပဒေများပြဋ္ဌာန်းရေးကိစ္စ၊ လူမှုဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်တွေမှာ လူမှုသဟ ဇာတမျှတရေး ကိစ္စတို့ကိုဆွေးနွေး တဲ့ကိစ္စ၊ နောက်တစ်ခုက မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ အန္တရာယ် လျှော့ချရေး၊ ကုသရေးနဲ့ ပြန်လည်ထူထောင်ရေး ကိစ္စတွေ၊ ကလေးသူငယ်များနဲ့ ပတ်သက်ပြီး ကြီးလေးတဲ့ ချိုးဖောက်မှု(၆)ချက် (Six Grave Violations) ဒီအချက်တွေကို ပပျောက်ရေး အတွက် ကြိုးပမ်း ဆောင် ရွက်ဖို့ ဆိုတဲ့ အချက် ခုနစ်ချက်ကို သဘော တူခဲ့ပါတယ်။ ။

အောင်လင်းဦး၊ အိအိပိုင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...