Social Icons

Pages

Friday, July 13, 2018

ပင်လုံမှသည် ငြိမ်းချမ်းသာယာ ပြည်မြန်မာကို ညီညာစွာတည်ဆောက်ကြမည်


ဆောင်းပါး ၁၃-၇-၂ဝ၁၈

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂) (MICC-2)၌ ဇူလိုင် ၁၁ ရက် နံနက် ၁ဝ နာရီတွင်ကျင်းပရာ နိုင်ငံတော်မှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ ပြည်တွင်းပြည်ပမှ အထူးဧည့်သည်တော်များ၊ ညီလာခံကိုယ်စားလှယ်များ၊ လေ့လာ သူများနှင့် ဧည့်သည်တော်များ စုံညီစွာ တက်ရောက် လာကြသည်ကို ရုပ်မြင်သံကြားမှ တစ်ဆင့် မြင်တွေ့ရသော မြန်မာပြည်သူ အပေါင်းတို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြရပါသည်။

အခမ်းအနား အစီအစဉ်အရ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် ''ပြည်ထောင်စုကြီးရဲ့ သမိုင်းအဆက်ဆက် မပြည့်ဝနိုင်ခဲ့ဘဲ မျှော်လေတိုင်း အလှမ်းဝေးခဲ့ရတဲ့ ငြိမ်းချမ်းရေးကို လက်ဆုပ်လက်ကိုင် ရရှိဖို့ဟာ ဒီကနေ့၊ ဒီအချိန်၊ ဒီခန်းမကြီးထဲမှာရောက်ရှိ နေကြတဲ့အစု အဖွဲ့အသီးသီးရဲ့ စိတ်ဆုံးဖြတ်ချက်တွေ ပေါ်မှာတည်မှီနေတယ်လို့ပဲ ပြောပါရစေ'' ဟူ၍ တိုက်တွန်း လိုက်ပါသည်။ လွတ်လပ်ရေး ရပြီးမြန်မာနိုင်ငံကို ပြည်ထောင်စုစနစ် ဖြင့်ဖွဲ့စည်း တည်ဆောက်ပြီး စစ်ဘေးစစ်ဒဏ် နှစ်ကြိမ်ခံခဲ့ရခြင်းကြောင့် ပြည်သူတို့ ဘဝနိမ့်ကျခဲ့ကြရသည်။ နိုင်ငံပြန်လည် တည်ဆောက်ရေးနှင့် ပြည်သူတို့ဘဝ မြှင့်တင်ရေးတို့ကို ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရနှင့် ပြည်သူတို့ ကြိုးစားအားထုတ်မှုများမှာ သံသယအခြေတည်သော အချင်းချင်းပဋိပက္ခ များကြောင့်ခရီးမတွင် ဖြစ်ခဲ့ကြရပြီး ရွှေပြည်တော် မျှော်လေတိုင်းအလှမ်းဝေး ခဲ့ရသည့်ကာလကို ပြန်လည်ရေတွက် ကြည့်လျှင် နှစ်ပေါင်း ၇ဝ ကျော်ခဲ့လေပြီ။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာ၌ ''တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefi re Agreement - NCA) ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အဆိုပြုချက်တွေကို အခြေပြုပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်တို့နဲ့ ဆွေးနွေးပြီး ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနေပြီဖြစ်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ တွေအတွက်အဓိက တံခါးပေါက်လည်း ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ပဋိပက္ခဒေသတွေမှာ နေထိုင်ခဲ့ရပြီး လက်နက်ကိုင် တိုက်ခိုက်မှု တွေအကြား မြေစာပင်ဖြစ်ခဲ့ရတဲ့ တိုင်းရင်းသား ပြည်သူတွေဟာလည်း NCA ကနေဖန်တီး ပေးလိုက်တဲ့ အပစ်အခတ်ရပ်စဲမှု တွေကြောင့် လုံခြုံမှုနဲ့တည်ငြိမ်မှု အသီးအပွင့်တွေကို တဖြည်းဖြည်းချင်း တိုးမြှင့်ရရှိ ခံစားနေကြရပါပြီ''ဟူ၍ NCA ပေါ်ပေါက်လာပုံနှင့် NCA တွင် ပါဝင်လက်မှတ် ရေးထိုးခြင်းအားဖြင့် ပြည်သူများအတွက် ကောင်းကျိုးသုခ ရရှိကြသည်ကို ပြောကြားပါသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) သည် ယခင်နိုင်ငံတော် သမ္မတဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့၊ တပ်မတော်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ နှစ်ရှည်လများ ဆွေးနွေးညှိနှိုင်းကြရပြီးမှ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ လက်မှတ်ရေးထိုး နိုင်ခဲ့ကြသည့် သဘောတူ စာချုပ်ဖြစ်ပါသည်။ ထိုအချိန်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့ NCA ကိုလက်မှတ်ရေးထိုးခဲ့ကြပြီး ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နှစ်ဖွဲ့တို့က NCA ကို လက်မှတ်ရေးထိုး ခဲ့ကြသဖြင့် ယနေ့အချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲ များအတွက် အဓိက တံခါးပေါက်ဖြစ်သည့် NCA ကိုလက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ရှိနေခြင်းသည် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ပေးသည့် အင်အားတိုးပွားလာခြင်း ဖြစ်ကြောင်း သက်ဆိုင်ရာ ဒေသများတွင်မြင်တွေ့ရပါသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာနိုင်ငံရေးရာ၊ ရာသီဥတုနှင့် မြန်မာတို့အရေးတွေးကြည့်ရန် ပြောကြားရာ၌
'' ဒီကနေ့ဒီအချိန်မှာ အားလုံးသိတဲ့အတိုင်း နိုင်ငံတကာနဲ့ဒေသတွင်း ဆက်ဆံရေး အခြေအနေတွေအရ ကျွန်မတို့နိုင်ငံ အနေနဲ့ကျွန်မတို့ ပြည်ထောင်စုတိုင်းရင်းသား တွေအားလုံး စုစည်းညီညွတ် ပေါင်းစည်းနိုင်ကြတယ်ဆိုတာပြသနိုင်ဖို့ အထူးပဲအရေးကြီး နေပါပြီ။ ဒါဟာ ပစ္စုပ္ပန်ရဲ့ လိုအပ်ချက်၊ သမိုင်းရဲ့ တောင်းဆိုချက်၊ အနာဂတ်အတွက် ပြင်ဆင်ချက်လည်း ဖြစ်နေပါပြီ''ဟူ၍ ခန်းမကြီးအတွင်း ရောက်ရှိလာကြသော အစုအဖွဲ့ အသီးသီးမှ ပုဂ္ဂိုလ်တို့ စိတ်ဆန္ဒနှင့် ဆုံးဖြတ်ချက်သည် တိုင်းရင်းသားပြည်သူတို့၏ ယနေ့နှင့် မနက်ဖြန်ကိုဖန်တီးမည် ဖြစ်ကြောင်း အလေးအနက်ထပ်လောင်း ပြောကြားသည်ကို မှတ်သားလိုက်ရပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားရာ၌ ''ဒီနေ့ခေတ်ဟာ ပြည်သူလူထု လိုလားတောင်းဆိုခဲ့တဲ့ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ နိုင်ငံတော်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ အပြုအမူတွေ၊ အလေ့အထတွေ၊ လုပ်ဆောင်ချက်တွေ ရှိဖို့လိုအပ်ပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေဟာလည်း ဒီမိုကရေစီ စံနှုန်းတွေအတိုင်း၊ အများစုက လက်ခံသဘော တူညီချက်တွေအတိုင်း အခြေခံထားဆောင်ရွက် ကြဖို့လိုပါတယ်။ အမျိုးမျိုးကွဲပြား ခြားနားစွာ ဆောင်ရွက်နေလို့ မရပါဘူး။ ဒီအတွက် ကျွန်တော်တို့မှာ အားသာချက်တစ်ရပ် အနေနဲ့ အင်အားစု တော်တော်များများက သဘောတူညီလက်ခံ ထားပြီးဖြစ်တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ခိုင်ခိုင်မာမာ ရှိနေတာပဲဖြစ်ပါတယ်''ဟူ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ဒီမိုကရေစီစံနှုန်း တစ်ဆက်တည်း ဖြစ်ကြောင်း ပြောကြားပါသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက် ပြောကြားရာ၌ ''ဒီစာချုပ်ကို ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ ပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ပေးခဲ့ပါတယ်။ ဒါကြောင့် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု တွေမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင် သဘောတူညီချက်တွေ ရှိပြီးဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ် တွေနဲ့ညီညွတ်မှု မရှိဘူးလို့ ပြောလိုပါတယ်။ NCA ဟာ အမည်နာမအား ဖြင့်သာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်ဖြစ်ပါတယ်။ အနှစ်သာရအားဖြင့် ဒီထက်ပိုမိုနက်ရှိုင်း ကျယ်ပြန့်ပါတယ်။ စာချုပ်ရဲ့အခြေခံမူ ပထမအချက်မှာပဲ ဒီနေ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ သာမကအခြားတိုင်းရင်းသား အဖွဲ့အစည်းတွေ တောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ပြည်ထောင်စုကို တည်ဆောက်မယ်လို့ သဘောတူသတ်မှတ် ခဲ့ပြီးဖြစ်ပါတယ်''ဟူ၍ NCA တွင် တိုင်းရင်းသားပြည်သူတို့၏ဆန္ဒကို ဖြည့်ဆည်းရန် ပါရှိကြောင်းထောက်ပြ ရှင်းလင်းပြောကြား ပါသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ဆက်လက်ပြောကြားရာ၌ ''ငြိမ်းချမ်းရေးလုပ်ငန်း စဉ်တွေကို အကောင်အထည် ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြ ဖို့လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေးပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ် တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက် ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက် ထားရတဲ့ရရှိပြီး သဘောတူညီချက်တွေ အားနည်းသွား နိုင်ပါတယ်။ ဒါကြောင့် အချိန်ပြည့်ညှိနှိုင်း ဆွေးနွေးခြင်းများ၊ ရလဒ်ထွက်လာအောင် ဆွေးနွေးခြင်းများကို နိုင်ငံတော်နဲ့တိုင်းရင်းသား ပြည်သူလူထုရဲ့အကျိုးစီးပွားကို ထာဝစဉ်ရှေးရှုပြီး စိတ်စေတနာ ထက်ထက်သန်သန်နဲ့ စဉ်ဆက်မပြတ်ဆောင်ရွက် သွားကြဖို့ တိုက်တွန်းလိုပါတယ်''ဟူ၍ တိုင်းကျိုးပြည်ဆောင် ပုဂ္ဂိုလ်များအနေဖြင့် လုပ်ရမည့်အလုပ်ကို လုပ်သင့်သောအချိန်အတွင်း လုပ်ဆောင်ကြရန် စေတနာစကား ပြောကြားလိုက်ပါသည်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်၏ သဘောထားနှင့် ရပ်တည်ချက်ကို ပြောကြားရာ၌ ''ဒီနေ့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက် နေခြင်းဟာကျွန်တော်တို့မှာ အင်အားချည့်နဲ့ နေလို့မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်တဲ့အဖွဲ့အစည်း မှန်သမျှ သဘောတူညီချက်တွေ ကိုသာလိုက်နာရင် ဘာသေနတ်သံမှကြားရမှာ မဟုတ်ပါဘူး။ ကိုယ့်လူကိုယ်သာ နိုင်အောင်ထိန်းဖို့၊ အဓိပ္ပာယ်ကင်းမဲ့တဲ့ အကြောင်းပြချက် အမျိုးမျိုးမပေးဖို့ လိုပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာဘာမှမရှိဘူး။ ဒီကာလမှာနားလည်မှုလွဲမှား စေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆွဲသွင်းလာခြင်းတို့ မပြုလုပ်ဖို့ အရေးကြီးပါတယ်။ အချို့သော ဒေသမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီ များဟာလည်း သူတို့ကိုထောက်ခံသူများကို ကိုယ်စားပြုတာဖြစ်ပါတယ်။ ကျွန်တော်တို့တပ်မတော်ဟာ တိုင်းရင်းသားပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော် ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူ လူထုကို ကိုယ်စားပြုရတဲ့အဖွဲ့အစည်းဖြစ်ပါတယ်''ဟူ၍ ရှင်းလင်းပြောကြား သွားသည်ကို မှတ်သားလိုက်ရပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲသို့ တက်ရောက်လာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုယ်စား KNU -ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုးက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာ၌ ''ကျွန်တော်တို့၏ ပြည်ထောင်စုသည် ပင်လုံစာချုပ်အရ ကမ္ဘာ့အလယ်မှာ လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူ၍ဖြစ်တည်လာသည်ကို သမိုင်းမှာထင်ရှားစွာ တည်ရှိခဲ့ပါသည်။ တစ်နည်းအားဖြင့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်ကို တိုင်းရင်းသားများ၏ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် အတူတကွပူးပေါင်း တည်ထောင်ခဲ့ကြသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး သည်သာ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ထိန်းသိမ်းကာကွယ် နိုင်မည်ဖြစ်သည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရဖိအားပေးခြင်း၊ အတင်းအကျပ် တည်ဆောက်လို့မရပါ။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တိုင်းရင်းသား လူမျိုးများအကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှုအခြေခံ တရားများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သည်။ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများဖြင့်တည်ဆောက် ရမည်ဖြစ်သည်။ လက်တွေ့လုပ်ငန်းဖြင့်သာ တည်ဆောက်ရမည် ဖြစ်သည်။ ထို့အတူ ပြည်ထောင်စုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု အားဖြင့်သာ ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးများရဲ့ နောက်ခံသမိုင်း၊ရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားနှင့် အမျိုးသားလက္ခဏာများ မတူကွဲပြားမှုကို လက်ခံအသိအမှတ်ပြု၍ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ဖြင့် ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအားလုံးစုပေါင်းဖော်ဆောင်ရန်ဖြစ်သည်။ ထိုသို့ ဖော်ဆောင်ရာမှာလည်း ပင်လုံစိတ်ဓာတ်နဲ့အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံချက်အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်ရန်ဖြစ်ပါတယ်'' ဟူ၍ ပြောကြားသည်မှာ မတူကွဲပြားမှုများ ရှိကြစေကာမူ တူညီသောပြည်ထောင်စု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်မှုအားကို တည်ဆောက်နိုင်ရမည်ဟု သန္နိဋ္ဌာန်ချထားသော အဓိပ္ပာယ်ကို ဆောင်နေပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပမည်ဖြစ်ပါသည်။ ညီလာခံသို့ တက်ရောက်လာကြသော အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များသည် အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသောစိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်ထက်သန်၍ သမိုင်းရေးလိုအပ်ချက်နှင့် အနာဂတ်မျှော်မှန်း ချက်တို့ကို ဥာဏ်ပညာဖြင့်ဆင်ခြင်၍ တိုင်းရင်းသားပြည်သူတို့မျှော်လေတိုင်း အလှမ်းဝေးခဲ့ရသည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြမည်ဟု မျှော်လင့်မိပါသည်။ ငြိမ်းချမ်းရေးတည်ဆောက် နိုင်ပြီဆိုလျှင် တိုင်းရင်းသားပြည်သူ အပေါင်းတို့၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုရှိလာသည်နှင့်တစ်ပြိုင်တည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီးသည်လည်း သာယာဝေစည် မြန်မာပြည်အဖြစ် ကမ္ဘာကအသိအမှတ် ပြုကြမည်သာ ဖြစ်ပါသည်။ ။

မြဝတီနေ့စဉ်သတင်းစာ စာ (၁၃)

ခိုင်ကျော်ညို

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...