မန္တလေး ၉-၇-၂ဝ၁၈
ပြည်တွင်းသို့ တင်သွင်းထားသော သကြားများ ပြန်လည်တင်ပို့ ရောင်းချခွင့် ရရှိခြင်းကြောင့် မန္တလေး-မူဆယ်ကုန်စည် တင်ပို့မှု မြင့်တက်လာ သကဲ့သို့ ကုန်စည်ပို့ဆောင်ခ ဈေးအနည်းငယ် မြင့်တက်ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်းမှ သိရသည်။
"မန္တလေး-မူဆယ် ကားခက နည်းနည်း တက်သွားပါတယ်။ ရန်ကုန်မန္တလေး ကားခက သိပ်မတက်ပါဘူး။ တစ်ပိဿာကို ၇၅ ကျပ်ဝန်းကျင် ဈေးရှိနေပါတယ်။ သကြားကလဲ ၇၅ ကျပ်ဝန်းကျင်၊ ဆန်ကလဲ ၇၅ ကျပ်လောက် ဈေးရှိပါတယ်။ ပြီးခဲ့တဲ့ အပတ်ထက်စာရင် ဒီအပတ် တစ်ပိဿာကို ၁ဝကျပ်ခန့် ဈေးတက်သွားပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်တာရယ်၊ သကြားတင်သွင်းခွင့် ရတာတွေကြောင့် ကုန်စည်ပို့ဆောင်တဲ့ အရေအတွက်မြင့်လာလို့ အခုလို ဈေးအနည်းငယ် တက်တာပါ"ဟု မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်အသင်း အတွင်းရေးမှူး ဦးကျော်သူရက ပြောပြသည်။
မန္တလေး-မူဆယ်လမ်းပိုင်းတွင် ဆန်နှင့် သကြားကို အဓိကတင်ပို့ လျက်ရှိရာ ယခုနှစ် ဇွန်လကုန်ပိုင်းက တစ်ပိဿာလျှင် ငွေကျပ် ၆ဝ၊ ၆၅ကျပ်ခန့် ဈေးရှိခဲ့ပြီး ဇူလိုင်လဆန်းပိုင်းက စတင်၍ တစ်ပိဿာလျှင် ၇၃ကျပ်၊ ၇၇ကျပ်ခန့် ဈေးရှိခဲ့ရာ တစ်ပိဿာလျှင် ၁ဝကျပ်ခန့် ဈေးမြင့်ခဲ့သည်။
စက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုနှင့် ပြည်တွင်းသို့ တင်သွင်းထားသော ကုန်စည်များကို ပြန်လည်တင်ပို့ခွင့် ရရှိခြင်းကြောင့် ယခုကဲ့သို့ ကုန်စည်ပို့ဆောင်ခ အနည်းငယ် မြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခင်က ပြည်တွင်း သကြားကိုသာ ပြည်ပသို့ တင်ပို့ခွင့်ပြုခဲ့ရာမှာ ယခုအခါ ပြည်တွင်းသို့ တင်သွင်းထားသော သကြားများကို ပြည်ပသို့ တင်ပို့ခွင့်ရခဲ့ခြင်းကြောင့် ကုန်စည်တင်ပို့သူ မြင့်တက်လာခြင်းကြောင့် ဈေးအနည်းငယ် မြင့်တက်သွားခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် အသင်းမှ အဖွဲ့ဝင် လုပ်ငန်းရှင်တချို့က ဆိုသည်။
၂ဝ၁၈ခုနှစ် မေ ၁၂ရက်က မူဆယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန္တလေး-မူဆယ်ကုန်စည် ပို့ဆောင်မှု ၃ဝ ရာခိုင်နှုန်းကျော်ထိ လျော့နည်း သွားခဲ့ပြီးနောက် ယခုအခါ သကြားတင်ပို့ခွင့် ရရှိခြင်းကြောင့် ပုံမှန်ကုန်စည် စီးဆင်းမှု အခြေအနေသို့ ပြန်လည်ရောက်ရှိ ပြီးဖြစ်ကြောင်း သိရသည်။
#Themyawadydaily


No comments:
Post a Comment