Social Icons

Pages

Thursday, July 12, 2018

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပ


ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးနှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကျင်းပစဉ်။

နေပြည်တော် ၁၂-၇-၂ဝ၁၈

ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ- (၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို ညီလာခံဖွင့်ပွဲ ပထမနေ့အပြီး ယနေ့ ညနေ ၄ နာရီခွဲက မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန (၂)တွင် ကျင်းပသည်။

သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးဇော်ဌေး၊ ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းနှင့် စိုင်းကျော်ညွန့်တို့က(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပြည်ထောင်စုသဘောတူစာချုပ် ဒုတိယအစိတ်အပိုင်းအဖြစ် တင်သွင်းမည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍလေးခုအတွက် အချက် ၁၄ချက်၊ မြန်မာနိုင်ငံ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခုနစ်ဖွဲ့နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ သီးခြားတွေ့ဆုံသွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဦးဇော်ဌေးက "လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ခုနစ် ဖွဲ့တက်ရောက်တယ်။ NCA ရေးထိုးဖို့ ညှိနှိုင်းဆောင်ရွက်နေတဲ့ KNPP ကိုယ်စားလှယ်တွေ စုံညီစွာတက်ရောက်တယ်။ နောက် မြောက်ပိုင်းခုနစ်ဖွဲ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံမှုတွေလုပ်တယ်။ ဇူလိုင် ၁၂ ရက်နေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တွေ့ဆုံဖို့ရှိပါမယ်။ မီဒီယာတွေကို ဖိတ်မှာမဟုတ်ပေမယ့် သတင်းထုတ်ပေး
မှာဖြစ်ပါတယ်။ KNPP အနေနဲ့လဲ ငြိမ်းချမ်းရေးကော်မရှင်နဲ့ သီးသန့်ဆွေးနွေးဖို့ ညှိနှိုင်းနေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေအနေနဲ့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ အဓိကထားပြီး လုပ်ဆောင်ဖို့ ဆောင်ရွက် ထားပါတယ်။ ငြိမ်းချမ်းရေးညီလာခံမှာ တင်သွင်းမယ့်အချက် စုစုပေါင်း ၁၄ ချက်ရှိပါတယ်" ဟု ပြောကြားသည်။

NCA စာချုပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများ လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အဆိုပါ
သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက "သူတို့အနေနဲ့ NCA စာချုပ်အမြန်ဆုံးချုပ်ဆိုဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ အဲဒါအပြင် ကျွန်တော်တို့ NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေနဲ့ မထိုးထားတဲ့ အဖွဲ့တွေ တွေ့ဖို့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ ဒီနေ့ထိ ၁ဝ ဖွဲ့ပဲ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တော်တော်များများ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ ကျင်းပတက်ရောက်ကြတယ်။ အခင်းအကျင်းကို လေ့လာကြတယ်။ အခြေအနေကိုလဲ သုံးသပ်ကြတယ်။ သူတို့ပါဝင်ဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကြိုဆိုတယ်။ ကျွန်တော်တို့ကလဲ ကြိုဆိုတယ်။ တစ်တိုင်းပြည်လုံးက ကြိုဆိုတယ်။ ကျွန်တော်တို့ အစုအဖွဲ့အသီးသီးအတွင်းမှာ ယုံကြည်မှုတွေ ခိုင်မာအောင် ဆက်ပြီးဆောင်ရွက်လို့ရတဲ့ အခင်းအကျင်း ဖြစ်တယ်။ အဲဒီအတွက် အင်မတန်အကျိုးရှိတဲ့ ညီလာခံဖြစ်တယ်" ဟုပြောကြားသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ လေးခုအတွက် လုပ်ငန်းကော်မတီက တင်သွင်းသည့် အချက်များအနက် နိုင်ငံရေးကဏ္ဍတွင် လေးချက်၊ စီးပွားရေးကဏ္ဍတွင် တစ်ချက်၊ လူမှုရေးကဏ္ဍတွင် ခုနစ်ချက်နှင့် မြေယာကဏ္ဍတွင် နှစ်ချက် စုစုပေါင်းအချက် ၁၄ ချက် ညီလာခံသို့ ပြည်ထောင်စု သဘောတူစာချုပ် ဒုတိယအစိတ်အပိုင်းအဖြစ် တင်သွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဦးလှမောင်ရွှေက ညီလာခံသို့ စီးပွားရေးကဏ္ဍတွင် ပြည်ထောင်စု သဘောတူစာချုပ် ဒုတိယအစိတ်အပိုင်းအဖြစ် အချက်တစ်ချက်သာ တင်သွင်းနိုင်ခြင်းနှင့် ပတ်သက်၍ "စီးပွားရေးကဏ္ဍက တက်လာတဲ့အချက် ၁၁ ချက်ကို UPDJC ကိုတင်တယ်။ အချို့အစုအဖွဲ့တွေက သဘောတူပေမယ့် အချို့အစုအဖွဲ့က ဒါကိုမူဝါဒအဖြစ်ယူဆလို့ မရဘူးဆိုတာလဲ ရှိပါတယ်။ အားလုံးသဘောတူညီချက်အရ တစ်ချက်ပဲရတယ်။ ဒီအရာက ပျက်မသွားပါဘူး။ နောက်တစ်ကြိမ် ညီလာခံမတိုင်ခင် လုပ်ငန်းကော်မတီ တွေထိုင်တဲ့အခါ ပြန်ဆွေးနွေးပါမယ်"ဟု ပြောကြားသည်။

ယင်းနောက် သတင်းမီဒီယာများ သိရှိလိုသည်များကို မေးမြန်းကြပြီး နိုင်ငံရေးပါတီ အစုအဖွဲ့ကိုယ်စားလှယ်စိုင်းကျော်ညွန့်က ယနေ့နံနက် ပိုင်းကကျင်းပခဲ့သည့် ညီလာခံတွင် နိုင်ငံရေးပါတီအစုအဖွဲ့မှ ရခိုင်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးနုစိန်ပြောသည့် မိန့်ခွန်းသည် သက်ဆိုင်ရာ ပါတီ၏ သဘောထားသာဖြစ်ကြောင်း၊ နိုင်ငံရေးပါတီအစုအဖွဲ့၏ သဘောထား မဟုတ်ကြောင်းပြောကြား၍ နိုင်ငံပါတီများအစုအဖွဲ့၏ သဘောထားထုတ်ပြန်ချက်ကို ဖတ်ကြားခဲ့သည်။

ငြိမ်းချမ်းရေး ကော်မရှင်နှင့် KNPP တို့သည် NCA လက်မှတ်ရေးထိုးနိုင်ရေး အတွက်မူ ဇူလိုင် ၁၂ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးလှမောင်ရွှေထံမှ
သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...