ဆောင်းပါး ၁၅-၅-၂ဝ၁၈
လူသားရင်းမြစ်တို့၏ အရည်အချင်း၊ အစွမ်းအစ၊ပါရမီ၊ မွေးရာပါဗီဇ၊ ဝါသနာ၊ အလေ့အကျင့်နှင့် ကိုယ်ပိုင်တွေးခေါ် မြော်မြင်နိုင်မှုတို့ကို အဆင့်အတန်း ခွဲခြားခြင်း၊ အမှတ်ပေး စည်းမျဉ်းများဖြင့် တော်သည်၊ ညံ့သည်ခွဲခြားရန် စာမေးပွဲများ စစ်ဆေးကာ အကဲဖြတ်သတ်မှတ် ပေးခြင်းမျိုးထက် ပညာရေးဟူသော စကားရပ်က ပိုမိုသာလွန်ပါသည်။
လူသားရင်းမြစ်တို့၏ ကိုယ်ပိုင်ဘဝလမ်း ထိုမှတစ်ဆင့် ပတ်ဝန်းကျင်၊ နိုင်ငံတော်နှင့် ကမ္ဘာကြီးကို အကျိုးပြုနိုင်သော လူသားတစ်ဦး ဖြစ်လာစေရန် ထိုသူ၏ ကိုယ်ပိုင်အရည်အချင်း၊ မွေးရာပါဗီဇ၊ အထုံပါရမီ၊ဝါသနာနှင့် အလေ့အကျင့်များ ပိုမိုရင့်ကျက်လာစေရန်၊ အားကောင်းလာစေရန် ရည်ရွယ်ချက်များ၊ ပန်းတိုင်များ၊ ကောင်းမွန်မှန်ကန် သောအယူအဆများ၊ အတွေးအခေါ်များနှင့် လုပ်ကိုင်နိုင်မှု စွမ်းရည်များကို နည်းပေးလမ်းညွှန်ပြုလုပ် ပေးခြင်း၊ တည့်မတ် ထိန်းညှိပေးခြင်း၊ ဖေးမပေးခြင်း၊ အဆုံးစွန်သော အကျိုးပြုလုပ်ငန်းစဉ် များအထိ သွားရောက်နိုင်ရန် လမ်းပြပေးခြင်း၊ တိုက်တွန်းပေးခြင်းနှင့် စွန့်ဦးတီထွင် ပညာရှင်များ ဖြစ်လာစေရန် မွေးဖွားပေးခြင်း တို့မှာလည်း ပညာရေး၏အဓိက ပန်းတိုင်ဖြစ်သည်။
ထို့ကြောင့် လူငယ်တို့အနေဖြင့် ပညာရေးနှင့် သညာရေးတို့သည် ရည်ရွယ်ချက်၊ ဦးတည်ချက်နှင့် အကျိုးဆက်တို့၏ ဆန့်ကျင်ဘက် သဘောတရား များစွာရှိခြင်းကြောင့် အဆုံးသတ်ရလဒ်များတွင် လုံးဝကွာခြားတတ်သည်ကို သတိပြုသင့်ပေသည်။ သညာရေးတွင် အစိုးရအဖွဲ့အစည်း သို့မဟုတ် လူမှုအဖွဲ့အစည်းတစ်ခု သို့မဟုတ် လူတစ်ဦးတစ်ယောက်၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းစဉ်များတွင် အသုံးပြုနိုင်ရန်၊ အမိန့်နာခံတတ်မှုများ၊ နောက်လိုက် ကောင်းများ၊ တပည့်ကောင်းများ၊ အလုပ်သမားများ၊ စာရေးစာချီဝန်ထမ်း ကောင်းများနှင့် သာမန်လူသားရင်းမြစ် များကိုသာ မွေးထုတ်ပေးနိုင်စွမ်း ရှိသည်။
သညာရေးသည် တပည့်မွေးခြင်း၊ နောက်လိုက်မွေးခြင်းနှင့် အမိန့်နာခံတတ်မှု အလေ့အကျင့်များကို လေ့ကျင့်ပေးခြင်းဖြစ်ပြီး လူသားရင်းမြစ်တစ်ဦး၏ အနာဂတ်ဘဝ၊ ကိုယ်ပိုင်အရည်အချင်း၊ အစွမ်းအစ၊ အယူအဆ၊ ကိုယ်ရည်ကိုယ်သွေး၊ အတွေးအခေါ်၊ အမှန်အမှားတို့ကို ဆင်ခြင်သုံးသပ်နိုင်မှု၊ တီထွင်ဖန်တီးနိုင်မှု၊ မွေးရာပါဗီဇ၊ ဝါသနာများနှင့် အထုံပါရမီများကို လျစ်လျူရှုခြင်း၊ အထင်အမြင်သေး စေခြင်းနှင့် ကိုယ်ပိုင်ယုံကြည်မှုကို လျော့နည်းစေခြင်း စသည့်ဆိုးကျိုးများစွာ သက်ရောက်စေသော သင်ကြားရေး စနစ်ဖြစ်သည်။
ပညာရေးဟူသည် လူသားရင်းမြစ်တစ်ဦး၏ ရည်ရွယ်ချက်များ ဦးတည်ချက်များ၊ ဝါသနာများ၊ မွေးရာပါဗီဇများ၊ အလေ့အကျင့်များ၊ ယုံကြည်မှုများ၊ အတွေးအခေါ်၊ အယူအဆ၊ ကိုယ်ပိုင်ဖန်တီးတီထွင်နိုင်မှု၊ စွန့်ဦးတီထွင်နိုင်မှု၊ ဖောက်ထွက် ဆန်းသစ်မှုတို့ကို အထူးပြု အဓိကထားကာ လေ့လာခြင်း၊ မှတ်တမ်းများယူခြင်း၊ ပြုစုပျိုးထောင်ပေးခြင်း၊ တည့်မတ်ပေးခြင်း၊ လမ်းညွှန်ပေးခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အပြန်အလှန်သင်ကြားခြင်း၊ သုတေသနများ ပြုလုပ်ခြင်း၊ စာတမ်းများ ရေးသားခြင်း၊ နည်းလမ်းအသစ်များကို ရှာဖွေခြင်း၊ လက်ခံခြင်း၊ စမ်းသပ်ခြင်း စသည့်နည်းလမ်းများဖြင့် လူသားရင်းမြစ်တစ်ဦးချင်းစီ တိုင်း၏အရည်အချင်း တိုးတက်လာစေရန် သင်ယူလိုမှုကို အဓိကထား သင်ကြားပေးသည်။ သညာရေးတွင် ထူးချွန်အောင်မြင်သော လူသားရင်းမြစ် ၁ဝဝ ရာခိုင်နှုန်းတွင် ၁ဝ ရာခိုင်နှုန်းသာ မွေးဖွားပေးနိုင်စွမ်းရှိပြီး ပညာရေးတွင် ထူးချွန်အောင်မြင်သော လူသားရင်းမြစ် ၁ဝဝ ရာခိုင်နှုန်းလျှင် ၁ဝဝ ရာခိုင်နှုန်းအထိ မွေးထုတ်ပေး နိုင်စွမ်းရှိသဖြင့် လူငယ်များအနေဖြင့် သညာရေးနှင့် သင်ကြားရေးကို ခွဲခြားသိမြင်၍ မိမိအား ဘဝတစ်လျှောက်တွင် အမှန်တကယ် အထောက်အပံ့ပေးနိုင်သော သင်ကြားရေးစနစ်ကိုသာ မှန်ကန် စွာရွေးချယ်နိုင်ရမည် ဖြစ်သည်။ ပညာရေးသည် အမှန်တကယ် တတ်မြောက်မှု၊ ကျွမ်းကျင်မှု၊ ယုံကြည်မှု၊ လေ့ကျင့်သား ပြည့်ဝမှု၊ ပါရမီရင့်သန်မှုနှင့် ပြဿနာကြီးငယ် တို့အားအခြေအနေ အချိန်အခါအလိုက် ဖြေရှင်းတတ်မှုတို့ကို
အဓိကထားသည်။
သညာရေးစနစ်မှ အမိန့်နာခံသူများ၊ တပည့်ကောင်းများ၊ ဝန်ထမ်းကောင်းများ၊ နောက်လိုက်ကောင်းများ ပေါ်ထွက်လာစေပြီး ပညာရေးမှ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံခေါင်းဆောင်များ၊ စွန့်ဦးတီထွင်သူများ၊ ပညာရှင်များ၊ ထင်ပေါ်ကျော်ကြားသူများ၊ ထူးချွန်ထက်မြက်သူများ၊ ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ကျွမ်းကျင်ပညာရှင် စသည်ဖြင့် မိမိကိုယ်တိုင် အတွက်သာမက ပတ်ဝန်းကျင်နှင့် နိုင်ငံအတွက်ပါ အရည်အသွေးမြင့် အကျိုးပြုသူများ ပေါ်ထွက်လေ့ရှိသည်။
အိမ်နီးချင်းနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အတော်များများ၌ အခမဲ့မတက်မနေရ ပညာရေးစနစ်များကို အကောင်အထည် ဖော်ဆောင်ထားပြီး ပညာသင်ယူနေသူများကို ကျောင်းကြို၊ ကျောင်းပို့ပြုလုပ် ပေးခြင်းအပြင် မနက်စာ၊နေ့လယ်စာများကိုပါ ကျွေးမွေးခြင်း၊ ပညာသင်ယူခြင်း အတွက် ပညာသင်ထောက်ပံ့ ကြေးများကိုပါ နိုင်ငံတော်က ပေးအပ်ချီးမြှင့်ကာ ပညာရေးအတွက် အထူးရင်းနှီး မြှုပ်နှံထားကြသည်။ သို့မှသာ ပညာသင်ကျောင်းသား လူငယ်တို့၏ အနာဂတ်အရေး လှပလာမည်ဖြစ်ပြီး တိုင်းပြည်၏ အနာဂတ်အရေးပါ လှပလာမည် ဖြစ်သည်။
လူငယ်တို့သည် ပတ်ဝန်းကျင်၊ နိုင်ငံတော်နှင့် ကမ္ဘာကြီးပေါ်၌ အသက်ရှင်သန် နေချိန်အတွင်း မှန်ကန်သောအယူအဆ၊ ဖွံ့ဖြိုးတိုးတက်သော အနာဂတ်များ၊ တိကျသေချာသော ပန်းတိုင်များ၊ ကောင်းမွန် ထိရောက်သော အတွေးအခေါ်များဖြင့် လူသားများ အချင်းချင်း၊ နေထိုင်ဆက်ဆံကြရင်း ပျော်ရွှင်ချမ်းမြေ့ သောဘဝများကို တည်ဆောက်နိုင်ကြရန် အတွက်ပညာရေး စနစ်ကောင်း စနစ်မှန်များကို သင်ယူတတ်မြောက် ထားကြရန်လိုအပ် လျက်ရှိသည်။
(သု)-သုဏေယျ=နာကြားရာ၏။ (စိ)-စိန္တေယျ=ကြံစည်ရာ၏။ (ပု)-ပုစ္ဆေယျ=မေးမြန်းရာ၏။ (ဘာ)- ဘာသေယျ= ရွတ်ဖတ်ရာ၏။ (ဝိ)-ဝိစာရေယျ=စိစစ်ရာ၏။ (လိ)-လိက္ခေယျ=ရေးသားရာ၏။ (သိ)-သိက္ခေယျ=သင်ကြားရာ၏။ (ဓာ)-ဓာရေယျ=ဆောင်ရာ၏ဟူသောသု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ရှစ်မျိုးကို တခြားသော နိုင်ငံများထက် ကျွန်တော်တို့ မြန်မာလူမျိုးများသည် ရှေးကျစွာရင်းနှီး ကျွမ်းဝင်ပြီးဖြစ်သည်။ ပညာရှင်ပေါင်း များစွာကလည်း ပညာရေး စနစ်ကောင်းများနှင့် စနစ်ဆိုးများအကြောင်းတို့ကို ဝေဖန်ထောက်ပြ နေကြသည်မှာလည်း များစွာရှိသည်။ ဝေဖန်ထောက်ပြမှုများမှ ကောင်းမွန်သော အပြုသဘောဆောင် အကြံဥာဏ်များရယူ၍ လူငယ်တို့၏ အနာဂတ်ကမ္ဘာ လှပစေရန် ဖန်တီးရမည်မှာ ယခုအချိန်တွင် တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသူများပေါ် မူတည်လျက်ရှိသည်။
အသုံးပြု၍ မရလောက်အောင် ညံ့ဖျင်းနုံချာသော လူငယ်ဟူသည် မရှိဟုပြောပါက မည်သူမျှငြင်းနိုင်မည် မဟုတ်ပေ။ ကြိုးစားအားထုတ်မှုနှင့် လုံ့လဝီရိယပေါ် မူတည်၍ အရည်အချင်းနှင့် အရည်အသွေး ကွာဟသွား ခြင်းဖြစ်သည်။ လူသားတို့သည် အသားစိမ်း၊ ငါးစိမ်းစားသော ကျောက်ခေတ်မှသည် ယခုမျက်မှောက်ခေတ်အထိ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခြင်းက လူသားတို့၏ လုပ်ဆောင်နိုင်စွမ်း၊ ကြံစည်နိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်းတို့ကို သက်သေပြုပြီး ဖြစ်သည်။ လူငယ်တိုင်း ပညာတတ်များ ဖြစ်နိုင်သည်။
လူငယ်တိုင်း ပညာရှိများဖြစ်နိုင်သည်။ လူငယ်တိုင်း အကျော်အမော်များ ဖြစ်နိုင်သည်။ လူငယ်တိုင်း ပညာရှင်များ ဖြစ်နိုင်သည်။ ထို့ကြောင့် လူငယ်တိုင်း ပညာသင်ကြားခွင့်နှင့် ရေခံမြေခံကောင်းများနှင့် ပုံပမာတူသော ပညာသင် ကြားရေးစနစ်ကောင်းများ လိုအပ်မည် ဖြစ်သည်။ လူငယ်များ၏ ပညာရေးစနစ်တွင် အတင်းအကျပ် သင်ကြားခံရခြင်း၊ ပုံသွင်းခံရခြင်း၊ ရိုက်သွင်းခံရခြင်း၊ တွန်းအားပေးခံရခြင်း မဟုတ်သော မိမိကိုယ်တိုင် ဝါသနာပါသည့်၊ အထုံပါရမီ ပါသည့်၊ စိတ်ပါဝင်စားသည့်၊ အလေ့အကျင့်ပြုစု ပျိုးထောင်မှုရှိသည့် ပညာရေးမျိုးကို လူမှုအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့အစည်းများ၊ ပညာရေးစနစ်ကောင်းများက ထောက်ပံ့လမ်းညွှန်ပေးနိုင်လျှင် ပညာတတ်များ၊ ပညာရှိများ၊ ပညာရှင်အကျော်အမော်များ ဖြစ်လာနိုင်မည် ဖြစ်သည်။
ကောင်းကောင်းဆိုးဆိုး မည်သည့်အကြောင်းအရာ ကိုမဆို အမှန်အတိုင်း သိရှိခြင်းသည် ပညာ၏ အဓိပ္ပာယ်ဖြစ်သည်။ ပညာ၏ အရင်းအမြစ်တွင် အသိပညာနှင့် အတတ်ပညာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး အသိပညာကို သုတ၊ရသ စာပေများ၊ ကျောင်းသင်ခန်းစာများ၊ သင်ရိုးများ၊ အတွေ့အကြုံများ၊ အမှန်အမှားသင်ခန်းစာများ၊ လူသားတို့၏ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်း အမွေများက အတွေးအခေါ်များ၊ အယူအဆများ၊ အယူဝါဒများ၊ မိမိ၏ လူမှုဘဝပတ်ဝန်း ကျင်၊ လူမျိုးစုပတ်ဝန်းကျင်၊ နိုင်ငံပတ်ဝန်းကျင်နှင့် ကမ္ဘာ့ပတ်ဝန်းကျင်များက ရရှိနိုင်မည် ဖြစ်သည်။ အတတ်ပညာသည် စိတ်ဝင်တစားရှိမှု၊ အထူးဂရုတစိုက် အားထုတ်မှု၊ အထုံပါရမီရှိမှု၊ ဇွဲ၊လုံ့လ၊ ဝီရိယ၊ ချွေးသွေးတို့ဖြင့် ပေါင်းစပ်ကာ အားသွန်ခွန်စိုက် လေ့ကျင့်မှုတို့ကိုပါ အကြိမ်ကြိမ်အဖန်ဖန် အသုံးပြုပြီးမှသာ ကျွမ်းကျင်သော အတတ်ပညာရှင် တစ်ဦးအဖြစ်သို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ မည်သည့် ပညာရပ်တွင်ဖြစ်စေ ဝါသနာ၊ အထုံပါရမီ၊ စိတ်ဝင်စားမှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် အစဉ်တစိုက် အားထုတ်သော အလေ့အကျင့်များက ထာဝရလိုအပ်မည်သာ ဖြစ်သည်။
သို့ဖြစ်၍ လူငယ်တစ်ဦး၏ စိတ်ပါဝင်စားရာ၊ ဝါသနာပါရာ၊ အထုံပါရမီရင့်သန်ရာ ပညာရပ်တစ်ခုကို စနစ်တကျ သင်ယူခွင့်၊ လေ့ကျင့်ခွင့်၊ ဖန်တီးခွင့်၊ တည်ဆောက်ခွင့်၊ တွေးခေါ်ခွင့်များပေးခြင်းဖြင့် လူသားရင်းမြစ်များ ပိုမိုဖွံ့ဖြိုးကာ နိုင်ငံတော်အတွက်လည်း လူငယ်တစ်ဦး တစ်ယောက်မှသည် လူငယ်တိုင်းဆီမှ အရည်အချင်းများ ကိုရယူ၍ ကောင်းမွန်သော အမိနိုင်ငံတော်ကြီး တည်ဆောက်နိုင်ရန် ရေးသားတင်ပြလိုက်ရပါသည်။ ။
အမ္ဗနဒီကျော်စွာ
မြ၀တီနေ့စဉ်သတင်းစာ စာ(၅)
#Themyawadydaily
No comments:
Post a Comment