မန္တလေး ၁၆-၅-၂ဝ၁၈
မူဆယ်တွင် ယခုရက်ပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်စဉ်များ ရှိနေသော်လည်း မန္တလေး-မူဆယ်ကုန် သွယ်မှုလမ်းကြောင်းတွင် ပုံမှန်အခြေအနေအတိုင်း ကုန်တင်ယာဉ်များ သွားလာမြဲ၊ ပြေးဆွဲမြဲကုန်စည် စီးဆင်းလျက်ရှိကြောင်း အဝေးပြေးကုန်စည် ပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း(မန္တလေးတိုင်းဒေသကြီး) အသင်းအတွင်းရေးမှူး ဦးကျော်သူရထံမှ သိရသည်။
မူဆယ်မြို့ နမ့်ခမ်းအကွက် ဘက်ပိုင်းတွင် မေ၁၂ရက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး နောက်ရက်များတွင် ပုံမှန်ပြန်ဖြစ်သွားပြီ ဖြစ်ကာ မန္တလေးနှင့် မူဆယ် ကုန်ပစ္စည်းသယ်ယူ ပို့ဆောင်ရေးတွင် ကုန်ရရှိသော ကုန်တင်ယာဉ်များ ပုံမှန်သွားလာနေကြောင်း သိရသည်။
"ကုန်သွယ်မှု လမ်းကြောင်း ပိတ်ထားတာ မရှိပါဘူး။ ကားသမားတွေက ကိုယ့်အသိ၊သတိနဲ့ သွားနေကြတယ်။ သတင်းနားထောင်ပြီး လားရှိုးလောက်ထိ သွားကြတယ်။ တချို့ညအိပ်စောင့်ရင်း သွားနေကြတယ်။ ဒါကတော့ ဒီဘက်လမ်းကြောင်းမှာ ရိုးနေပါပြီ။ တိုက်ပွဲဖြစ်တာကလဲ ခဏပဲဆိုတော့ အဲဒီအချိန်လောက်ပဲ ကုန်ကားတွေ အသွားအလာရပ်တာပါ။ လမ်းပိုင်းမှာ တပ်မတော်က စောင့်ကြပ်နေတာ တွေရှိတယ်။ ဒီရက်ပိုင်းမှာ ကုန်မရတဲ့ကား တွေကလွဲလို့ တစ်နေ့ကို ကားအစီး၎ဝဝကနေ ၅ဝဝလောက်ထိ သွားနေပါတယ်"ဟု ရှမ်းကမ္ဘာမန္တလေး-မူဆယ်ကုန်တင် ကားဂိတ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းပိုင်းတွင် ပုံမှန်သွားလာနေသည့် ခြောက်ဘီး၊၁၂ဘီး၊ ၂၂ဘီးတွဲ ကုန်တင်ယာဉ်များ အနေဖြင့် တစ်နေ့လျှင် အစီးရေ ၄ဝဝ နှင့် ၅ဝဝ ကြားပုံမှန်ရှိကြောင်း သိရသည်။
၂၂ ဘီးတွဲယာဉ်တစ်စီးလျှင် ကုန်တန်ချိန်၃ဝ၊ ၁၂ဘီးယာဉ်တစ်စီးလျှင် ၁၇ တန်ခန့် တင်ဆောင်နိုင်ပြီး သရက်သီး၊ ဖရဲသီး၊ သခွားသီးနှင့် အခြားကုန်များသာ တင်ပို့လျက်ရှိပြီး ပုံမှန်သွားလာမြဲဖြစ်၍ ကုန်စည် စီးဆင်းမှုကို ထိခိုက်မှုမရှိကြောင်း စွယ်တော် ကားဝင်းအတွင်းမှ မန္တလေး-မူဆယ် ကုန်တင်ယာဉ် ငွေစန္ဒာဂိတ်မှ ဦးထွေးမောင်က ပြောပြ၍ သိရသည်။
#Themyawadydaily
No comments:
Post a Comment