Social Icons

Pages

Tuesday, May 15, 2018

မူဆယ်မြို့ အကြမ်းဖက်မှုဖြစ်စဉ် များကြောင့် မန္တလေးမြို့ရှိ လူစည်ကားရာ ဈေးကြီးများတွင် လုံခြုံရေးတိုးမြှင့် နေရာချထား



မူဆယ် ၁၅-၅-၂ဝ၁၈

မူဆယ်မြို့ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် မန္တလေးမြို့ရှိ လူစည်ကားရာ ဈေးကြီးများတွင် လုံခြုံရေးတိုးမြှင့်နေရာ ချထားသည့်အပြင် CCTV များမှပါ စောင့်ကြည့်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးနှင့်သား သတ်ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက မူဆယ်မြို့တွင် တိုင်းရင်းသား လက်နက်ကိုင် TNLA အဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှု များပြုလုပ်ခဲ့ကြောင်း၊ ၎င်းတိုက်ခိုက်မှု ဖြစ်စဉ်များကြောင့် မန္တလေးမြို့တွင် လူစည်ကားရာ နေရာဖြစ်သည့် ဈေးကြီးများတွင် လုံခြုံရေးတိုးမြှင့် နေရာချထားသည့် အပြင် CCTV များမှပါ နေ့စဉ်စောင့်ကြည့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ ပြည်တွင်းထုတ်ကုန် များအပြင်ပြည်ပမှ ထုတ်ကုန်ပစ္စည်း မျိုးစုံကိုပါ လက်လီလက်ကား ဖြန့်ဖြူးရောင်းချ လျက်ရှိသည့် ဈေးကြီးအများအပြားရှိရာ ဈေးချိုတော်၊ မန်းရတနာဈေး၊ နန်းရှေ့ဈေးစသည့် ဈေးကြီးများတွင် လုံခြုံရေး ကျိုးပေါက်မှုများ မဖြစ်ပေါ်စေရေး မန္တလေးမြို့တော် စည်ပင်သာယာ ရဲတပ်ဖွဲ့နှင့် အခြားပူးပေါင်း အဖွဲ့များအားလုံး လုံခြုံရေး ပိုင်းကိုတိုးမြှင့်ကာ အဓိကထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"အခုလက်ရှိ မန္တလေးမြို့မှာ အချက်အချာကျပြီး လူစည်ကားတဲ့ ဈေးကြီးတွမှာ ကြိုတင်ကာကွယ်မှု အနေနဲ့ လုံခြုံရေးပိုင်းကိုတော့ အဓိကလုပ်ထားတယ်။ ဈေးတွေမှာ မသင်္ကာစရာ ပစ္စည်းတွေတွေ့ရင်လဲ သက်ဆိုင်ရာကို အကြောင်းကြားဖို့လိုမယ်။ CCTV ကနေ မသင်္ကာစရာ လူတွေ့ရင်လဲ သက်ဆိုင်ရာ ဌာနလက်ထဲ အပ်သွားမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

မန္တလေးမြို့တွင် ယခုလက်ရှိ စည်ပင်နယ်နိမိတ် အတွင်း၌ ဈေးချိုတော်၊ ယာယီမင်္ဂလာဈေး၊ ညောင်ပင်ဈေး၊ နန်းရှေ့ဈေးတို့အပြင် ဈေးပေါင်း ၄ဝ ကျော်ရှိကြောင်း၊ ၎င်းဈေးကြီးများတွင် ယခုလက်ရှိ နေ့ပိုင်းလုံခြုံရေးအပြင် ညပိုင်းတွင်ပါ လုံခြုံရေးတိုးမြှင့် နေရာချပေးထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...