Social Icons

Pages

Wednesday, May 23, 2018

မြစိမ်းရောင်ကျေးရွာ ချေးငွေကျပ် ၃၇၅သိန်း ယူဆောင်ထွက်ပြေးမှုဖြစ်ပွား



ရေတာရှည် ၂၃-၅-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရေတာရှည် မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ ချေးငွေကျပ် ၃၇၅ သိန်းကို ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် စီမံကိန်းဝင် ကျေးရွာဖြစ်သော ပိတောက်ခင် ကျေးရွာအုပ်စု ရွာသစ်ကျေးရွာကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ် ကျေးရွာအသင်းဝင် ၁၁၇ဦးအတွက် တတိယ အကြိမ်အဖြစ် ချေးငွေများ ထုတ်ချေးနိုင်ရန် ကျေးရွာဘဏ္ဍာရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးမင်းဇော် ဦး၊ရန်ပုံငွေကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးကျော်နိုင်၊ အဖွဲ့ဝင် ဦးမင်းမင်းနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦး တို့သည် မေ ၂၁ ရက်မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်က ရေတာရှည်မြို့အမှတ်(၃) ရပ်ကွက်ရှိ မြန်မာ့စီးပွားရေး ဘဏ်မှငွေကျပ် ၃၇၅သိန်းကို ထုတ်ယူခဲ့သည်။

ထိုသို့ထုတ်ယူ ပြီးသည့်ငွေများကို ဦးမင်းဇော်ဦးက ငွေထည့်ရန် ယူဆောင်လာသော အနက်ရောင် အိတ်ဖြင့်ထည့်ကာ ဆိုင်ကယ်ရှေ့၌ ခွလျက်တင်၍ ဦးကျော်နိုင်ကို နောက်မှလိုက်ပါ စီးနင်းစေပြီး ရွာသစ်ကျေးရွာသို့ ပြန်ရန် ထွက်လာစဉ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဝန်ထမ်းနှစ်ဦးမှာ ၎င်းတို့ဆိုင်ကယ်ဖြင့် နောက်မှ လိုက်ပါလာခဲ့ပြီး ရေတာရှည်မြို့ အမှတ် (၂) ရပ်ကွက် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း အနောက်ဘက်ကပ်လျက်ရှိ ရွှေမြန်မာထမင်းဆိုင် ရှေ့အရောက်တွင် ဦးကျော်နိုင်က ဟင်းဝယ်ရန်ဆိုင်ထဲသို့ ဝင်သွားစဉ် ငွေများယူဆောင်ထားသည့် မင်းဇော်ဦးက ဆိုင်ကယ်လေထိုး လိုက်ဦးမည်ဟုဆိုကာ ကားလမ်းအတိုင်း တောင်ဘက်သို့မောင်းထွက်သွားခဲ့ပြီး ပြန်လည်ရောက်ရှိ လာခြင်းမရှိဘဲ ငွေများနှင့် အတူထွက်ပြေး တိမ်းရှောင် သွားကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မင်းဇော်ဦးကို မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူးဦးရန်နိုင်ညွန့်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ရေတာရှည် မြို့မရဲစခန်းက (ပ)၁၁၄/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ - ၄ဝ၉ ဖြင့်အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...