မန္တလေး ၁၄-၅-၂ဝ၁၈
မြန်မာနိုင်ငံရှိ သရက်သီးများ စတင်ရင့်မှည့်ချိန် ယခုလမှစ၍ ရုရှား၊ စင်ကာပူနိုင်ငံတို့သို့ မြန်မာ့သရက်သီးများကို စတင်တင်ပို့နေပြီ ဖြစ်ကြောင်း မြန်မာ့သရက် ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။
ယခု မေ ၁ဝ ရက်မှ စတင်၍ ရုရှား၊ စင်ကာပူနိုင်ငံတို့သို့ မြန်မာ့သရက်သီးများကို တစ်ရက်လျှင် နှစ်တန်မှသုံးတန်ထိ တင်ပို့နေပြီး ၄ဝဝ ဂရမ်နှင့် အထက်သရက်သီးများကို တစ်တန်လျှင်ငွေကျပ် ၁၅သိန်းထိ ဈေးရရှိ ကြောင်း သိရသည်။
"အခုနေ့တိုင်း သတ်မှတ်ထားတဲ့ တန်ချိန်အတိုင်း ရသလောက် တင်ပို့နေပြီ။ အခုသရက်ရာသီမှာ တန် ၃ဝလောက်ထိ တင်ပို့ပါတယ်။ အရွယ်အစားအကြီးရော၊ အသေးရော ဝယ်ကြတယ်။ မူဆယ်မှာတော့ ဈေးကွက်မကောင်းတဲ့ အတွက်ဈေးကျတယ်"ဟု အဆိုပါအသင်း အတွင်းရေးမှူး ကိုကျော်စိုးနိုင်က ပြောပြသည်။
လက်ရှိတွင် မန္တလေးနှင့် ရန်ကုန်တို့မှ ပြည်ပနိုင်ငံ အဝယ်ကိုယ်စားလှယ်များ ကလည်းသရက်ခြံများသို့ ကိုယ်တိုင်ဆင်းဝယ်ယူ နေပြီးတရုတ်နိုင်ငံမှ ဝယ်လက်များလည်း မကြာမီဆင်း၍ ဝယ်ယူလာနိုင်ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ရက် လေတိုက်သွားတဲ့အတွက် လေကြွေသီးတွေရှိနေပြီး နောက်သုံး၊ လေးရက်ထိ ဈေးကျနေဦးမယ်။ ဒါပေမဲ့ အခု သရက်သီးမှည့်ချိန်လဲ ရောက်နေပြီ ဝယ်လက်တွေလဲ ဆင်းလာနေတဲ့အတွက် နောက်ပိုင်းဈေးကွက် အခြေအနေ ကောင်းမှာပါ"ဟု ၎င်းက ဆက်လက် ပြောပြသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက လေပြင်း လေးရက်ဆက်တိုက် တိုက်ခတ်မှုကြောင့် လေပြင်းထိခိုက် ခံရသည့် သရက်ခြံများ ရာခိုင်နှုန်း ထက်ဝက်ခန့် ပျက်စီးပြီး တရုတ်နိုင်ငံသို့ တင်ပို့သည့် သရက်ဈေးကွက်တွင် ဈေးနှုန်းစတင်ကျဆင်းသွားခဲ့ကာ လက်ရှိတွင် သရက်သီး တစ်ဖာလျှင် တရုတ်ယွမ်ငွေ ၁၁ဝ၊ ၁၂ဝခန့်ထိ ကျဆင်းနေကြောင်း သိရသည်။
#Themyawadydaily
No comments:
Post a Comment