Social Icons

Pages

Monday, March 26, 2018

ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကျွဲရိုင်းအချိုရည်များ တင်ဆောင်လာသည့် ၁၈ ဘီးနောက်တွဲယာဉ် တိမ်းမှောက်



ညောင်ပင်သာ ၂၆-၃-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ညောင်ပင်သာမြို့ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ကျွဲရိုင်း အချိုရည်များ တင်ဆောင်လာသည့် MITFUBISHI FUSO ၁၈ ဘီး နောက်တွဲယာဉ်သည် ယနေ့ နံနက် ၅နာရီ ၄၅ မိနစ်က အရှိန်မထိန်း နိုင်ဘဲလမ်းလယ်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၅၃/ဝနှင့် ၁၅၃/ ၁ ကြားတွင် အဆိုပါယာဉ်သည် လမ်းဘေးသို့ကျရာမှ ကားလမ်းပေါ်သို့ ပြန်တက်စဉ် အရှိန်မထိန်းနိုင် ဖြစ်ပြီးတိမ်းမှောက်ခဲ့ရာ ထိခိုက်ဒဏ်ရာ ရသူမရှိဘဲ ယာဉ်၏ အရှေ့လေကာ မှန်ကွဲပြီး တန်ဖိုးငွေကျပ် ငါးသိန်းခန့် ဆုံးရှုံးပျက်စီးခဲ့ကြောင်း သိရသည်။

"အိပ်ငိုက်ပြီးတော့ လမ်းဘေး ထိုးကျသွားတာ လမ်းအရှေ့ဘက်ခြမ်း လမ်းဘေးကနေ ကားလမ်းပေါ်ကို ပြန်တက်တာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတယ်။ ထိခိုက်ဒဏ်ရာ ရတဲ့သူမရှိပါဘူး။ လမ်းလယ်ကောင်ဖြစ်လို့ လမ်းခဏ ပိတ်သွားတယ်။ အမြန်ဆုံးရှင်းလင်းရေး ဆောင်ရွက်ပြီး ကျန်ရှိနေတဲ့ ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက် သွားမှာပါ"ဟု ညောင်ပင်သာမြို့ နယ်မြေ ရဲတပ်ဖွဲ့စခန်းမှစခန်းမှူး ရဲအုပ်တင်စိုးက ပြောပြသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မဆင်မခြင် မောင်းနှင်သူ ဝေလင်းအောင်ကို ဥပဒေအရ အရေးယူပေးရန် ရဲအုပ်အေးချိုက တိုင်တန်းသဖြင့် ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းက ယာဉ်(ပ)၈/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၂၇၉ဖြင့် အမူဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...