Social Icons

Pages

Friday, February 2, 2018

ကန့်ဘလူမြို့နယ် လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် အသိပညာပေးစခန်း ဧပြီလအတွင်း ဖွင့်လှစ်မည်



ကန့်ဘလူ ၂-၂-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် အတွင်းရှိ လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်းကို ယခုနှစ် ဧပြီလအတွင်း ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးတင်ထွေးမြင့်ထံမှ သိရသည်။

လင်းနို့ဂူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်းမှာ ကန့်ဘလူမြို့နယ်၊ ဇင်းကျေးရွာအနီးရွှေဘို-မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင်အမှတ် (၆၂/၆၃) အနီးအရှေ့ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး လင်းနို့ဂူ တောင်ဧရိယာဧက ၁ဝ၇၉ဝကို သဘာဝနယ်မြေ အဖြစ်သတ်မှတ် ဖွဲ့စည်းခွင့်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ခွင့်ပြုခဲ့ပြီး ခရီးသွားလုပ်ငန်း တိုးတက်လာစေပြီး ဒေသလူမှု စီးပွားရေး တိုးတက်လာစေရန်အတွက် အဆိုပါ စခန်းကို တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လင်းနို့ဂူသဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးစခန်းတွင် လေ့လာစရာများအနေဖြင့် အင်းဆက်စား လင်းနို့ကောင်ရေ သန်းချီရှိပြီး ညနေ၅-၆ နာရီတွင် မီးခိုးလုံးကြီးများပမာ အစာရှာထွက်လာသည်ကို ညနေဆည်းဆာနှင့်အတူ ရင်သပ်ရှုမောဖွယ် သဘာဝအလှခံစား နိုင်မည်ဖြစ်သည်။

ထို့ပြင် လွန်ခဲ့သောနှစ်ပေါင်း ၂၈၉ နှစ်ခန့်က စတင်ပေါက်ရောက် ခဲ့သည်ဟုယူဆရပြီး ကိုလိုနီခေတ်တွင် ခုတ်လှဲခံခဲ့ရသည့် ကျွန်းလုံးကြီးနှင့် ၎င်း၏ သက်တမ်းနှင့် ခေတ်ပြိုင်ကာလတို့ကို ရှင်းလင်းပြသထားသော ပြကွက်များ၊ မြန်မာ့သစ်တောထွက် သစ်များအကြောင်း ပြကွက်များ၊ မြန်မာ့တောရိုင်း တိရစ္ဆာန်တို့၏ ဦးချိုပြကွက်များ၊ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သစ်တောများမှ တောပန်းအမျိုးမျိုးပြကွက်၊ လင်းနို့ဂူဒေသ ပေါက်ရောက်သော အပင်များကို စီစဉ်ဆောင်ရွက် ထားကြောင်းနှင့် မြန်မာ့သစ်ခွမျိုးစုံ၊ ပရဆေးဥယျာဉ်၊ သစ်မြစ်ဆုံဥယျာဉ်၊ ဝက်ဝံရုံ၊ ဘူမိဗေဒပြခန်း၊ ကလေးကစားကွင်း တို့ကိုလည်း စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေး စခန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များမှာ သစ်တောနှင့် သဘာဝဝန်းကျင် ဂေဟစနစ်များ ရေရှည်တည်တံ့အောင် စောင့်ရှောက်နိုင်ရန် ခရီးသွား လုပ်ငန်းတိုးတက်လာစေပြီးဒေသလူမှု စီးပွားရေးတိုးတက် လာစေရန်၊ ကျောင်းသူ၊ ကျောင်းသားများအား လေ့လာရေး ခရီးစဉ်အဖြစ် သဘာဝတောအတွင်း ရှိသစ်မျိုးများနှင့် ဇီဝမျိုးစုံ၊ မျိုးကွဲများကို လေ့လာသိရှိပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ များကို တန်ဖိုးထားမြတ်နိုး တတ်စေရန် အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးသစ်တော ဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...