Social Icons

Pages

Wednesday, February 28, 2018

ယခုနှစ်တွင် ချင်းပြည်နယ် ခရီးသွားလုပ်ငန်း မြှင့်တင်ရေး လုပ်ဆောင်ရန် လျာထား



ရန်ကုန် ၂၈-၂-၂ဝ၁၈

ပြည်တွင်း ပြည်ပခရီးသွား ဧည့်သည်များ အဆင်ပြေလွယ်ကူစွာ ဝင်ရောက်မှု တိုးမြင့်လာစေရေးအတွက် ယခုနှစ်တွင် ချင်းပြည်နယ်၌ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးများ လုပ်ဆောင်ရန် လျာထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးထံမှ သိရသည်။

''ဒီနှစ်ခရီးသွား လုပ်ငန်းမြှင့်တင်ရေး အစီအစဉ်အနေနဲ့ ကယားပြည်နယ်မှာ လုပ်လက်စလေးတွေ ဆက်လုပ်မယ်။ အဲဒါပြီးမှ ချင်းပြည်နယ်မှာ လုပ်ဖြစ်ဖို့ ပိုများတယ်။ တိတိကျကျ ဆုံးဖြတ်ချက်တော့ မရသေးဘူး။ တခြားပြည်နယ် တချို့မှာလည်း လေ့လာနေတာတွေ ရှိသေးတယ်'' ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်း အစီအစဉ်ကို ယခင်နှစ်က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဦးဆောင်၍ လုပ်ဆောင်ပေးခဲ့သည်။ ယခုနှစ်တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဦးစီး လုပ်ဆောင်ရန် လွှဲပြောင်းပေးထားပြီးဖြစ်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးမည် ဖြစ်သည်။

ချင်းပြည်နယ်သည် ဖွံ့ဖြိုးတိုးတက်ရန် အလားအလာရှိသော်လည်း လမ်းပန်းဆက်သွယ်ရေး တိုးတက်ရန် လိုအပ်နေသေးကြောင်း၊ သို့ရာတွင် ခရီးသွားလုပ်ငန်းများ ဆောင်ရွက်ရန် အလားအလာကောင်းပြီး အောင်မြင်နိုင်သည့် အခြေအနေရှိကာ ဒေသဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်စေလိုသည့် အတွက် ချင်းပြည်နယ်ကို ခရီးသွားလုပ်ငန်း မြှင့်တင်ရန် လျာထားခြင်း ဖြစ်သည်။

''ချင်းပြည်နယ်ကို ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ကတော့ အတည်မဖြစ်သေးပါဘူး။ ဒီလအတွင်း အတည်ပြုဆုံးဖြတ် ဆောင်ရွက်သွားဖို့ရှိပါတယ်'' ဟု ဦးအောင်စိုးက ပြောသည်။

အဆိုပါ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး အစီအစဉ်အဖြစ် လုပ်ဆောင်မည်ဆိုပါက သုံးနှစ်ချမှတ် အကောင်အထည် ဖော်ဆောင်ရွက် မည်ဖြစ်ပြီး အဆိုပါသုံးနှစ်တာ ကာလအတွင်း ချင်းပြည်နယ်၌ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ရုံးများတည်ဆောက်ခြင်း၊ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ခရီးစဉ်ဒေသများ လွယ်ကူအဆင်ပြေစေရေး အစီအစဉ်များစသည့် ဦးစားပေးဆောင်ရွက် ရမည့်လုပ်ငန်းများကို လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...