Social Icons

Pages

Wednesday, February 7, 2018

ရွှေတိဂုံစေတီတော်မှ ဗိုလ်တထောင် ဘုရားအထိ လျှောက်လမ်းစနစ် ဖော်ဆောင်ရန် အဆိုပြုထား



ရန်ကုန် ၇-၂-၂ဝ၁၈

ရွှေတိဂုံစေတီတော်မှ ဗိုလ်တထောင် ဘုရားအထိ လျှောက်လမ်းစနစ် ဖော်ဆောင်ရန် အဆိုပြုထားကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့ (YHT) မီဒီယာပြန်ကြားရေး တာဝန်ခံ မနိုနိုအောင်ထံမှ သိရသည်။

''လျှောက်လမ်းစနစ်ဆိုတာ အဓိကအားဖြင့် လမ်းလျှောက်သွားတဲ့သူတွေ၊ စက်ဘီးနဲ့ သွားတဲ့သူတွေ အဆင်ပြေအောင်လို့ပါ။ အဓိကက ရန်ကုန်မြို့မှာ စက်ဘီးသီးသန့် လမ်းမရှိဘူး။ နောက်ပြီး လူသွားဖို့ ပလက်ဖောင်းတွေက လည်း အဆင်မပြေဘူး။ ဒါကြောင့် လျှောက်လမ်းစနစ် ဖော်ဆောင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို အကြံပြုထားပါတယ်''ဟု မနိုနိုအောင်က ပြောသည်။

လျှောက်လမ်းစနစ်ကို ရွှေတိဂုံစေတီတော် (တောင်ဘက်မုခ်) မှ ရွှေတိဂုံဘုရား လမ်းအတိုင်း အလံပြဘုရား၊ အလံပြဘုရားမှ ဗိုလ်ရာညွန့်လမ်းနှင့် ယောမင်းကြီးလမ်း ပတ်ဝန်းကျင်၊ ထိုမှတစ်ဆင့် ဗိုလ်ချုပ်အောင် ဆန်းဈေးကို ဖြတ်ကာ ရွှေဘုံသာလမ်း တစ်လျှောက်၊ ၎င်းနောက် ဆူးလေဘုရားဝန်းကျင်ရှိ ဗိသုကာလက်ရာများကို မဟာဗန္ဓုလပန်းခြံလမ်း၊ ဘဏ်လမ်း၊ ပန်းဆိုးတန်း အောက်လမ်းအတိုင်း ကြည့်ရှုနိုင်ပြီး ကမ်းနားလမ်းအတိုင်း ဗိုလ်တထောင် ဘုရားအထိ သွားလာနိုင်ရန် လျာထားသည်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့အနေဖြင့် ၂ဝ၁၆ ခုနှစ်က ရန်ကုန်မြို့ပြအမွေအနှစ် မဟာဗျူဟာကို စတင်ရေးဆွဲခဲ့ပြီး ယင်းမဟာဗျူဟာ၌ ရန်ကုန်မြို့ပြ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုလိုသည် များရှိပါက ပါဝင်အကြံပြု တင်ပြပေးရန် စီမံကိန်းစတင် ရေးဆွဲစဉ်မှစ၍ ထည့်သွင်းရေးဆွဲ ထားခဲ့ခြင်း ဖြစ်သဖြင့် ယခုကဲ့သို့ လျှောက်လမ်းစနစ်ကိုလည်း ဖော်ဆောင်ရန် အဆိုပြုတင်ပြထား ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းလျှောက်လမ်း စနစ်ဖော်ဆောင်နိုင်ရန် အဆိုပြုထားခြင်းများနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မည့် အကြံပြုချက်များရှိပါက ပြည်သူများ အနေဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့သို့ ပေးပို့နိုင်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...