Social Icons

Pages

Thursday, February 22, 2018

မန္တလေးကျုံး အရှေ့ဘက် တောဓလေ့ ရိုးရာသင်္ကြန် ညဈေးကြောင့် ရေကစားမဏ္ဍပ်များ နေရာအခက်အခဲ မရှိစေရန် ဒီဇိုင်းပုံစံစတင် ရေးဆွဲနေ



မန္တလေး ၂၂-၂-၂ဝ၁၈

မန္တလေး ကျုံးအရှေ့ဘက် တောဓလေ့ ရိုးရာသင်္ကြန် ညဈေးဖော်ဆောင်မည် ဖြစ်သောကြောင့် ရေကစားမဏ္ဍပ်များ နေရာအခက်အခဲ မရှိစေရန် ဒီဇိုင်းပုံစံစတင် ရေးဆွဲနေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ရင်မြင့်က ပြောပြသည်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး အလိုက်နှစ်စဉ် ဧပြီလရောက်တိုင်း ရေကစားမဏ္ဍပ်များ ဆောက်လုပ်ကာ မြန်မာ့ရိုးရာ အတာရေသဘင် ပွဲတော်ကို ဆင်နွှဲကျင်းပ လေ့ရှိကြောင်း၊ ယခုနှစ် မန္တလေးသင်္ကြန်တွင် ထူးခြားမှု တစ်ရပ်အနေဖြင့် တောဓလေ့ ရိုးရာအစားအစာများ အပါအဝင် အခြားအဆင်အယင်များဖြင့် ပြုလုပ်ထားသည့် တောသင်္ကြန်ကို ကျုံးအရှေ့ဘက်ခြမ်းတွင် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့ ကျုံးအရှေ့ဘက်ခြမ်း ၆၆ လမ်းမှ ၁၉ လမ်းထိ တောသင်္ကြန်ဖော်ဆောင်မည် ဖြစ်သည့်အပြင် ကျုံးတောင်ဘက် ၆၆ လမ်းမှ ၇၈ လမ်းထိ လမ်းလျှောက်သင်္ကြန်အဖြစ် ဖော်ဆောင်သွားမည် ဖြစ်သဖြင့် ရေကစား မဏ္ဍပ်များ နေရာအခက်အခဲမရှိစေရန် ယခုအချိန်မှစ၍ ကျုံးပတ်ပတ်လည်တွင် မဏ္ဍပ်များ နေရာချထားနိုင်ရေး ဒီဇိုင်းပုံစံများ ရေးဆွဲလျက်ရှိကြောင်း သိရသည်။

"ဒီနှစ်က လမ်းလျှောက်သင်္ကြန် လဲပါမယ့်အပြင် တောသင်္ကြန်ကိုပါ စီစဉ်ထားတာဆိုတော့ ရေကစားမဏ္ဍပ်တွေကို ဘယ်နေရာမှာ နေရာချထားပေးမလဲ၊ ဘယ်လိုဒီဇိုင်းတွေ နဲ့ဆောက်ခိုင်းမလဲ။ ဒါတွေကို အခု ကတည်းကစပြီး ဒီဇိုင်းပုံစံတွေ။ ရေးဆွဲနေပါပြီ။ ရေကစားမဏ္ဍပ် အရေအတွက်ကိုတော့ အတိအကျ မသတ်မှတ်ရသေးဘူး။ ဒီဇိုင်းပုံစံတွေ ပြီးမှပဲ ကျုံးပတ်ပတ်လည်မှာ ဘယ်အခြမ်းက မဏ္ဍပ်ဘယ်နှခု ဆိုတာသိရမှာပါ" ဟု ၎င်းကဆက်လက် ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...