Social Icons

Pages

Thursday, January 18, 2018

ပြည်ထောင်စု အဆင့်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက်အစည်းအဝေးကျင်းပ


JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် 
အမှာစကားပြောကြားစဉ်။
ရန်ကုန် ၁၈-၁-၂ဝ၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး မဟာဗျူဟာအဖြစ် သတ်မှတ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး မဟာဗျူဟာ ရည်မှန်းချက်ချမှတ်ရာတွင် နှစ်ဖက် အဖွဲ့အစည်းနှစ်ခုလုံးရည်မှန်းချက် တူညီနေရန် လိုအပ်ကြောင်း ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရန်ကုန်ရုံးတွင် ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယနေ့ပြုလုပ်သည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် အရပ်သားကိုယ်စားလှယ်များ၏ လုပ်ငန်းလမ်းညွှန်၊ နှစ်ဖက်တပ်မှူးများတွေ့ဆုံခြင်း ဆိုင်ရာလုပ်ငန်းလမ်းညွှန်နှင့် နည်းပညာ အထောက်အကူပြုရုံးအဖွဲ့နှင့် ပတ်သက်သည့် လုပ်ငန်းတာဝန်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က JMC သည် စောင့်ကြည့်ခြင်း၊ စိစစ်အတည်ပြုခြင်းနှင့် ပဋိပက္ခဖြေရှင်းခြင်းကို အဓိကထားဆောင်ရွက် ခြင်းဖြစ်ကြောင်း၊ စောင့်ကြည့်ခြင်းနှင့် ပတ်သက်သည့် သဘောတူ ထားသောစာချုပ်နှင့် ကတိကဝတ်များကို ချိုးဖောက်မှု ရှိ၊ မရှိစောင့်ကြည့်ရကြောင်း၊ ချိုးဖောက်မှုများအတွက် လိုအပ်ပါက စိစစ်အတည်ပြုရေး အဖွဲ့များဖွဲ့စည်း၍ စိစစ်အတည်ပြုခြင်းကို ဆောင်ရွက်စေကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် အရပ်သား ကိုယ်စားလှယ်အဖွဲ့သည် အဖွဲ့ခေါင်းဆောင်များဖြစ်ပြီး အဖွဲ့ဝင်အဖြစ် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ လည်းပါဝင်၍ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်နှင့် စိစစ်အတည်ပြုရေးကို နားလည်စေရန် လိုအပ်သည့်အရည်အသွေး မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ JMC အဖွဲ့အစည်းလုပ်ထုံး လုပ်နည်းစည်းမျဉ်းများအတိုင်း တွေ့ရှိလာပါကလည်း အရေးယူဆောင်ရွက်သွားရန် လိုအပ်သည်ကို ပြောကြားလိုကြောင်း၊ ကောင်းမွန်သည့် စံနမူနာပြလုပ်ငန်းများဖြစ်မှသာလျှင် မိမိတို့ငြိမ်းချမ်းရေးအတွက် အမှန်တကယ် အထောက်အကူပြုရာရောက်မည် ဖြစ်ပါကြောင်း၊ JMC ၏ လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပြည်သူ လူထုက ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်ပါကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ (၁) စောအိုင်းဇက်ဖိုးက အဖွင့်အမှာစကား ပြောကြားသည်။

ထို့နောက် အရပ်သားကိုယ်စားလှယ် အစုအဖွဲ့မှ JMC-U ဒုတိယဥက္ကဋ္ဌ (၂) ဦးပြည့်စုံက ငြိမ်းချမ်းရေးသန္နိဋ္ဌာန် စိတ်ခိုင်မြဲဖို့လိုအပ်ကြောင်း၊ NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အခြားနည်းလမ်းဖြင့်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် သိသာထင်ရှားသည့် အခွင့်အရေးနှင့် ကွာခြားမှုများ စီမံဖန်တီးပေးရန် တင်ပြလိုကြောင်း၊ မိမိတို့အရပ်သား ကိုယ်စားလှယ်များသည် NCA တွင်ပါဝင်သည့် မူဝါဒ၊ JMC ကချမှတ်ပေးထားသည့် လုပ်ငန်းလမ်းညွှန်များနှင့် ရေးဆွဲပြီးသားဖြစ်သည့် အရပ်သား ကိုယ်စားလှယ်များ လုပ်ဆောင်ရမည့်အရာများကို ပြုစုပြီးဖြစ်၍ ယခုအစည်းအဝေးက အတည်ပြုသွားမည် ဖြစ်ကြောင်းပြောကြားသည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးကို ဇန်နဝါရီ ၁၇ရက်မှ ၁၉ ရက်အထိသုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယနေ့ ကျင်းပသည့် JMC-U အစည်းအဝေးတွင် အစိုးရကိုယ်စားလှယ်များ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးအောင်ကျော်ဇောနှင့် ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး (ငြိမ်း)တို့အစား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် ဗိုလ်မှူးချုပ်ကျော်ဇံမြင့်(ငြိမ်း)၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းကိုယ်စားလှယ် ပဒိုစောတာဒိုမူး အစား ပဒိုစောဆဲဂေတို့ကို ကော်မတီဝင်များအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...