Social Icons

Pages

Wednesday, January 17, 2018

တိုင်းပြည်၏ အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စု တိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက် ကြရမည်ဖြစ်


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်သည့်အဖွဲ့အား တွေ့ဆုံဆွေးနွေးစဉ်။

နေပြည်တော် ၁၇-၁-၂ဝ၁၈

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်ရန် လိုအပ်ကြောင်း၊ သို့မှသာတိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ တိုင်းပြည်၏အင်အားသည် ပြည်တွင်းမှာသာရှိပြီး ပြည်ထောင်စု တိုင်းရင်းသားများ၏ အင်အားဖြစ်၍ မိမိတို့ အချင်းချင်း ယုံကြည်မှု၊ ညီညွတ်မှု၊ စည်းလုံးမှုများဖြင့် တည်ဆောက်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်သည့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ်ဆရာတော်များနှင့် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးစဉ် ထည့်သွင်း ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး အထက်မြန်မာပြည် ကက်သလစ် ဂိုဏ်းအုပ်ဆရာတော်နှင့်အတူ လားရှိုးမြို့ကက်သလစ်ဂိုဏ်းအုပ် ဆရာတော် ဖီးလစ်ဇဟောင်း၊ မြစ်ကြီးနားမြို့ ကက်သလစ် သာသနာပိုင်ဆရာတော် ဖရန်စစ်ဒေါ့တန်၊ ဗန်းမော်မြို့ကက်သလစ် သာသနာပိုင်ဆရာတော် ရေမွန်ဆွမ်လွတ်ဂမ်တို့ တက်ရောက် ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဆရာတော်ဖရန်စစ်ဒေါ့တန်က ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဆောင်ရွက်မှုများနှင့် ပံ့ပိုးကူညီမှုများအတွက်လွန်စွာ ၀မ်းမြောက်ပါကြောင်း၊ မိမိတို့သည်ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ ကက်သလစ် ဆရာတော်များဖြစ်ကြပါကြောင်း၊ သက်ဆိုင်ရာဒေသများရှိ ကက်သလစ်ဘာသာဝင်များ၏ ဘာသာရေးကဏ္ဍကို ဦးဆောင်ဦးရွက်ပြုနေသူများဖြစ်ပြီး တာဝန်ယူမှုရှိသည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေး အစဉ်တစိုက်သွန်သင်လမ်းပြလျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရ ၏ မူဝါဒများဖြစ်သည့် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေး၊ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ပြည်သူများ၏လူမှုစီးပွားဘ၀များ မြင့်မားတိုးတက်ရေးအတွက် အလေးထားကြိုးပမ်း အားထုတ်လျက်ရှိရာတွင် တပ်မတော် အနေဖြင့် အစိုးရ၊ ပြည်သူ၊ လွှတ်တော်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ နှင့် အတူတကွကြိုးပမ်းဆောင်ရွက်လျက် ရှိသည့်အတွက် လွန်စွာအားရမိပါကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၁၁ ခုနှစ်မှစတင်၍ ယခုအချိန်ထိ တိုက်ပွဲရှောင်ပြည်သူ ၁ သိန်း ၂ သောင်းကျော်ရှိနေပြီး ၎င်းတို့၏နေအိမ်၊ ကျေးရွာများကိုစွန့်ခွာ၍ တိုက်ပွဲရှောင်စခန်း များတွင်နေထိုင်ကြသည်မှာ ၇ နှစ်နီးပါးကြာမြင့် လာပြီ ဖြစ်ပါကြောင်း၊ အဆိုပါ တိုက်ပွဲရှောင်ပြည်သူများ သည်ကျဉ်းကြပ်စွာနေထိုင်ရခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ကင်းမဲ့မှုတို့ကြောင့် မျှော်လင့်ချက် ကင်းမဲ့ပြီးဘ၀များ ဖရိုဖရဲဖြစ်ခြင်းများကို ခံစားနေရကြောင်း၊ ယနေ့ကချင် ပြည်နယ်နှင့်ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လုံခြုံရေး အရတိမ်းရှောင်နေသူများအား ကက်သလစ်အသင်းတော်က လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပံ့ပိုးကူညီလျက်ရှိ ကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံ့များပေးခြင်း နှင့် ၎င်းတို့၏နေရပ်ဒေသသို့ပြန်နိုင်ရေး အတွက် မိမိတို့သည်နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်းများနှင့် တတ်အားသမျှကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများအတွက်ကူညီမှုများပိုမို ဆောင်ရွက်ပေးနိုင်ရန်နှင့် ဘေးကင်း လုံခြုံစွာဖြင့် ၎င်းတို့၏နေရပ်သို့ပြန်လည်အခြေချ နေထိုင်နိုင်ရန်အတွက် တပ်မတော်မှကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိတို့ ကက်သလစ်အသင်းတော်အနေဖြင့်ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းမှုအတွက်ဆုတောင်း ပေးခြင်းသာမက လိုအပ်သော နေရာများတွင်လည်း လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်း သည်သာလျှင် အကောင်းဆုံးအဖြေရရှိနိုင်မည်ဟုယုံကြည်ပါကြောင်း၊ နိုင်ငံတော်တည်ဆောက်ခြင်းလုပ်ငန်းများတွင် မိမိတို့ကက်သလစ်ဆရာတော်များအနေဖြင့် ဆက်လက်၍ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများပိုမိုလုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်းပြောကြားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားရာတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တပ်မတော်သည်ထာဝရငြိမ်းချမ်းရေးရရှိရန် အလိုချင်ဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ တပ်မတော်၏တာဝန်မှာ နိုင်ငံတော် ကို ကာကွယ်ရန်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းအောင် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်လျက် ရှိကြောင်း၊ ၂၀၁၁ ခုနှစ်မှစတင်ပြီးပြည်သူများမှ ရွေးချယ်သည့် ပါတီစုံဒီမိုကရေစီစနစ်ကိုလျှောက်လှမ်းလျက်ရှိကြောင်း၊ ထိုသို့ လျှောက်လှမ်းရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည်မဖြစ်မနေလိုအပ်ကြောင်း၊ တပ်မတော် သည်ပြည်သူကြားမှ ပေါက်ဖွားလာ သည့်တပ်မတော်ဖြစ်ပြီး ပြည်ထောင်စုတိုင်းရင်းသား များဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ကာ ပြည်သူများကိုကာကွယ်ရမည် ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများ၏ဆန္ဒအတိုင်း ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလျှောက်လှမ်းရန် ဆုံးဖြတ်ဆောင်ရွက် ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်ပေါ်လာသည့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာများ ဖြေရှင်းရန် အတွက်ငြိမ်းချမ်းရေးဖော်ဆောင်လျက်ရှိပြီး လက်နက်ကိုင်ပြဿနာများဖြစ်ပွားရခြင်းမှာ နိုင်ငံရေးအရသဘောထားကွဲလွဲမှု၊ ဘာသာရေး နှင့်တိုင်းရင်းသားရေးများအပေါ်တွင် အခြေခံ၍ဖြစ်ပွားကြသည်ကိုတွေ့ရှိရကြောင်း၊ ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းနေချိန်တွင် လက်နက်ကိုင်စွဲဖြေရှင်းခြင်းထက် ငြိမ်းချမ်းရေး နည်းလမ်းဖြင့်သာ ဆောင်ရွက်ရမည် ဖြစ်ကြောင်းပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံတွင်ယခုအခါနိုင်ငံရေးပါတီများစွာရှိပြီး ဒီမိုကရေစီစနစ် ကိုကျင့်သုံးဆောင်ရွက်နေကြကြောင်း၊ ပါတီမျိုးစုံရှိ၍၀ါဒရေးအရသဘောထား ကွဲလွဲမှုများရှိသော်လည်း ငြိမ်းချမ်းသောနည်းဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဘာသာရေးအရလွတ်လပ်စွာကိုးကွယ်ခွင့်ပြုထားသဖြင့် ဘာသာရေးအရကွဲလွဲမှုများ ဖြစ်ပေါ်ရန် အကြောင်းမတွေ့ရကြောင်း၊ တိုင်းရင်းသားအရေး တွင်လည်း မြန်မာနိုင်ငံတွင်တိုင်းရင်းသား ၁၃၅ မျိုးကျော်ရှိကြောင်း၊ ဥပဒေအရ တိုင်းရင်းသားအားလုံး၊ ကျား၊ မ မရွေးတူညီသည့်အခွင့်အရေးပေးထားပြီးဖြစ်၍ သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ပါကလည်း ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့အပြင် မိမိတို့ကျင့်သုံးလျက်ရှိသည့်ဒီမိုကရေစီကျင့်စဉ်ခိုင်မာစေရန်အတွက် ထာဝရငြိမ်းချမ်းရေးရရှိရန်လိုအပ်ပြီး တပ်မ တော်မှပြင်းပြသည့်ဆန္ဒဖြင့်ထာဝရငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်နေကြောင်း၊ တပ်မတော်သည်တိုင်းရင်းသားများနှင့် မည်သည့် ပြဿနာမှမရှိဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့်သာ ငြိမ်းချမ်းရေးဆွေးနွေး နေခြင်းဖြစ်ပြီး ၎င်းတို့မကျေလည်မှုများကိုလည်းလက်ခံဆွေးနွေးမည်ဖြစ်ကြောင်း၊ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးအမှန် တကယ်ရယူလို စိတ်ရှိရန်လိုပြီး ငြိမ်းချမ်းရေး သဘောတူညီချက်များ၊ ကတိက၀တ်များကိုမချိုးဖောက်ရန်လိုကြောင်း၊ မိမိအနေဖြင့် IDP Camp များမရှိစေလိုကြောင်း၊ တိုင်ရင်းသားလက်နက်ကိုင်အဖွဲ့များက IDP Camp များ ကိုအကာအကွယ်မယူရန် အရေးကြီး ပါကြောင်း၊ တိုက်ပွဲရှောင်ပြည်သူများ ၎င်းတို့နေရပ်များတွင် ပြန်လည်အခြေချနေထိုင်စေလိုပြီး မိမိတို့တပ်မတော်မှ အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက်ငြိမ်းချမ်းရေးရရှိအောင်ဆောင်ရွက် နေကြောင်းရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး မိမိတို့တိုင်းရင်းသားများအနေဖြင့် မြန်မာစိတ်မွေးပြီးအားလုံးညီညွတ် မျှတကြရန်လိုကြောင်း၊ ငြိမ်းချမ်းမှု မရှိသည့်နေရာများတွင်ဒေသခံပြည်သူများအနေဖြင့် ပညာသင်ကြားမှုများဆုံးရှုံးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုများဆုံးရှုံးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများဆုံးရှုံးခြင်း၊ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ခက်ခဲခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း၊ ထို့ကြောင့်ငြိမ်းချမ်းရေးရရှိရန်အရေးကြီးပြီး အဆိုပါအချက်အား တိုင်းရင်းသားအားလုံး နားလည်သိရှိရန် လိုအပ်ကြောင်း၊ မိမိတို့တိုင်းရင်းသားအားလုံး ညီညွတ်မှုရှိရန်လိုအပ်ကြောင်း၊ မိမိနေရာဒေသတစ်ခုတည်းကိုသာမကြည့်ဘဲ ဘက်စုံအမြင်ကျယ်ရန်၊ တစ်နိုင်ငံလုံးနှင့်ခြုံ၍၊ ကမ္ဘာနှင့်ချီ၍ကြည့်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတိုးတက် ရန်အတွက် ရှေ့သို့အနှောင့်အယှက်အဟန့်အတားမရှိ ခိုင်မာသည့်ခြေလှမ်းများဖြင့် သတ္တိရှိရှိ လျှောက်လှမ်းနိုင်ရန်အရေးကြီးကြောင်း၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်ကလည်း ငြိမ်းချမ်းရေးဆောင်ရွက်ရန်အရေးကြီးကြောင်းကို ယခုဆရာတော်တို့၏ သဘောထားနှင့်ထပ်တူပင်ပြောကြားခဲ့ကြောင်း၊ မိမိကလည်းတပ်မတော်၏ ထာဝရ ငြိမ်းချမ်းရေး ရယူလိုသော သဘောထားဆန္ဒအမှန်ကို ရှင်းလင်းပြောကြားခဲ့ရာ ပုပ်ရဟန်းမင်းကြီးကလည်း လက်ခံပါကြောင်း ပြောကြားသည်။

ထို့နောက်လူငယ်များနှင့် မူးယစ်ဆေးဝါးပြဿနာသည်အဓိကစိန်ခေါ်မှုကြီးတစ်ခု ဖြစ်၍ အားလုံးဝိုင်းဝန်းတား ဆီးကာကွယ် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားစေလိုကြောင်း၊ မိမိတို့တပ်မတော်အနေဖြင့် အစိုးရ၏အုပ်ချုပ်ရေးနယ်မြေများ၊ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံတော်၏အချုပ်အခြာ အာဏာကိုသစ္စာရှိစွာ ကာကွယ် ပေးလျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မတူညီသော အယူအဆ သဘောထားများ ကွဲပြားနေကြခြင်းအပေါ် စိတ်ရှည်စွာဖြင့်အောင်မြင်အောင်ကြိုးစားဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အထက်မြန်မာပြည်ကက်သလစ် ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအပေါ် စိတ်သဘောထား၊ ခံယူချက်၊ အတွေးအမြင်များကို ကိုယ်တိုင် အနီးကပ်ကြားသိရသဖြင့် အလွန်ပင်ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ တပ်မတော်မှ မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေမှုအောင်မြင်စေရန်နှင့် ပြည်သူများအားလုံးအသက်အိုးအိမ် စည်းစိမ်လုံခြုံမှုရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းစကားပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အထက်မြန်မာပြည် ကက်သလစ်ဂိုဏ်းအုပ်ဆရာတော် ပေါလ်ဂရောင် နှင့်အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ လက်ဆောင်ပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...