Social Icons

Pages

Wednesday, December 13, 2017

စာပေညီလာခံ ၂ဝ၁၇ ဖွင့်ပွဲကျင်းပ



ရန်ကုန် ၁၃-၁၂-၂၀၁၇

လွတ်လပ်သောစာပေ၊ လွတ်လပ်သော အသံဆောင်ပုဒ်နှင့် အညီကျင်းပသည့် စာပေညီလာခံ ၂ဝ၁၇ ဖွင့်ပွဲကို ယနေ့ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့စင်မြင့်၌ ကျင်းပသည်။

ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး
လွှတ်တော်ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော်ဝန်၊ စာပေညီလာခံ ၂ဝ၁၇ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌတို့က မြို့တော်ခန်းမပေါ်ရှိ LED စာပေညီလာခံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် စာပေညီလာခံ ၂ဝ၁၇ သို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ထံမှပေးပို့သည့် သဝဏ်လွှာကို စာရေးဆရာမ ခင်သန္တာက ဖတ်ကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကားပြောကြားပြီး စာပေညီလာခံ ၂ဝ၁၇ ကျင်းပရေး ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ စာပေပညာရှင်များနှင့် စာပေဝါသနာရှင်များက စာပေညီလာခံ ၂ဝ၁၇ ဖွင့်ပွဲအထူး အစီအစဉ်အဖြစ် မိုးပျံပူဖောင်းများကို လွှတ်တင်ဖွင့်လှစ်ကြပြီး ဖွင့်ပွဲအကြို ကျင်းပလျက်ရှိသည့် အစီအစဉ်များကို ကြည့်ရှုအားပေးသည်။

စာပေညီလာခံ ၂ဝ၁၇ အဖွဲ့လိုက်စာပေ ဆွေးနွေးပွဲများကို ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ MCC ခန်းမ၌ ဒီဇင်ဘာ ၁၃ ရက်မှ ၁၆ ရက်အထိ ဆက်လက်ကျင်းပ သွားမည်ဖြစ်သည်။

စာပေညီလာခံ ၂ဝ၁၇ အထိမ်းအမှတ်အဖြစ် ညစဉ်စာပေ ဟောပြောပွဲများ၊ စာပေဆိုင်ရာ ဥာဏ်စမ်းပဟေဠိများ၊ ပန်းချီပြပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ ကာတွန်းပြပွဲများနှင့် စာအုပ်အရောင်းဆိုင်များကို ဒီဇင်ဘာ ၈ ရက် မှ ၁၂ ရက်အထိ ရန်ကုန်မြို့တော်ခန်းမနှင့် မဟာဗန္ဓုလပန်းခြံရှေ့တွင် ကျင်းပလျက်ရှိရာ စာပေဝါသနာရှင် ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

စာပေညီလာခံ ၂ဝ၁၇ ကျင်းပရန်အတွက် မေလတွင် မြန်မာနိုင်ငံစာရေးဆရာ အသင်း၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာစာပေချစ်မြတ်နိုးသူများ အသင်း၊ မြန်မာနိုင်ငံ စာပေပြန့်ပွားရေးအသင်း၊ မြန်မာနိုင်ငံ ကဗျာဆရာသမဂ္ဂ၊ ပဲန်မြန်မာ၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစာရေး ဆရာသမဂ္ဂ၊ မြန်မာနိုင်ငံစာရေး ဆရာကလပ်၊ မြန်မာနိုင်ငံကာတွန်းဆရာအသင်းနှင့် မြန်မာဘာသာပြန်ကွန်ရက် ဟူသည့် မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ဖွဲ့ကိုခေါ်ယူ၍ စာပေညီလာခံ ၂ဝ၁၇ ဖြစ်မြောက်ရေး ကော်မတီကို ဖွဲ့စည်းခဲ့ပြီးညီလာခံကို ယခုကဲ့သို့ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...