Social Icons

Pages

Thursday, December 14, 2017

ယခုနှစ်တွင် လိမ္မော်သီးဈေးကောင်းရရှိသော်လည်း မိုးများရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်



လားရှိုး ၁၄-၁၂-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ဈေးကွက်သို့ လိမ္မော်သီးများ လှိုင်လှိုင်ရောက်ရှိလာပြီး ဈေးကောင်းများရရှိ သော်လည်း အချိန်အခါမဟုတ် မိုးများရွာသွန်းမှုကြောင့် အသီးများပုပ်၍ ပျက်စီးဆုံးရှုံးမှုများ
ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယခုနှစ်လိမ္မော်သီး ဈေးနှုန်းမှာ အကြီးတစ်ပိဿာလျှင် ငွေကျပ် ၁၁ဝဝ ထိရှိပြီး ယခင်နှစ်ထက် တစ်ပိဿာလျှင် ငွေကျပ် ၃ဝဝ ဈေးပိုရရှိသော်လည်း စိုက်ပျိုးသူများ အနေဖြင့် သီးနှံများခူးဆွတ်ချိန်တွင် အချိန်အခါမဟုတ် မိုးများရွာသွန်းမှုကြောင့် သီးနှံအချို့ပုပ်၍ စိုက်ပျိုးသူများ ဆုံးရှုံးမှုရှိသကဲ့သို့ အဝယ်ဒိုင်များလည်း ဆုံးရှုံးမှုများရှိကြောင်း သိရသည်။

"ကျွန်တော်တို့ အခုလိမ္မော်သီးတွေကို ကျောက်မဲခရိုင် မိုင်းလုံကျေးရွာက ဝယ်လာတာပါ။ ဒီနှစ်တော့ လိမ္မော်သီးဈေးကောင်းပါတယ်။ ပြီးခဲ့တဲ့နှစ်က အကြီးတစ်ပိဿာကို ငွေကျပ် ၈ဝဝ၊ အလတ်တစ်ပိဿာကို ငွေကျပ်၇၅ဝ၊အသေးတစ်ပိဿာကို ငွေကျပ် ၆၅ဝ ပဲရှိပါတယ်။ ဒီနှစ်ကတော့ အကြီးတစ်ပိဿာကို ငွေကျပ် ၁၁ဝဝ၊ အသေးတစ်ပိဿာကို ငွေကျပ် ၈၅ဝထိ ဈေးရှိပါတယ်။ လိမ္မော်သီး ဈေးကောင်းပေမယ့် မိုးရေတွေဝင်ပြီး အသီးတွေပုပ်တဲ့ အတွက်ပျက်စီး ဆုံးရှုံးမှုတွေရှိတယ်။ ကျွန်တော်တို့ကတော့ ထွက်ရှိတဲ့ လိမ္မော်သီးတွေကို ဒေသတွင်းဖြစ်တဲ့ သိန်းနီ၊ မိုင်းရယ်၊ ကွတ်ခိုင်၊ မူဆယ် အစရှိတဲ့မြို့တွေကို တင်ပို့ဖြန့်ဖြူး ရောင်းချပါတယ်။ အရောင်းအဝယ် ကတော့ ပုံမှန်ပါပဲ" ဟု လိမ္မော်သီးအဝယ်ဒိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

အဆိုပါ နှစ်ရှည်သီးနှံဖြစ်သော လိမ္မော်သီးစိုက်ပျိုးခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိသီပေါမြို့နယ်၊ ကျောက်မဲမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် စီးပွားဖြစ် အများအပြား စိုက်ပျိုးကြပြီး စိုက်ပျိုးသူများအနေဖြင့် သီးနှံပေါ်ချိန်တွင် ဈေးကောင်းရသော်လည်း မိုးများရွာသွန်း၍ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...