Social Icons

Pages

Tuesday, October 10, 2017

ပျော်ဘွယ်မြို့နယ်ရှိ ဆည်၊ကန်၊ တာတမံများအတွင်း ယခုနှစ်ရေဝင်ရောက်မှု များပြား၍ မိုးစပါးနှင့် နွေစပါးစိုက်ပျိုးရေ လုံလောက်စွာပေးဝေနိုင်မည်



ပျော်ဘွယ် ၁၀-၁၀-၂၀၁၇

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ် အတွင်းရှိ ဆည်၊ကန်၊တာတမံများ အတွင်း ယခုနှစ် ရေဝင်ရောက်မှု များပြား၍ ယခင်နှစ်ကထက် ပိုမို၍မိုးစပါး အောင်ရေနှင့်နွေစပါး စိုက်ပျိုးရေ လုံလောက်မျှတစွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း ပျော်ဘွယ်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ပျော်ဘွယ်မြို့နယ်တွင် စိုက်ပျိုးရေအတွက် ချောင်းမကြီးဆည်၊ သဖန်းချောင်းဆည်၊ နတ်ကာဆည်၊ ယင်းတော်ကန်နှင့် ကျောက်ဆည် ကန်တို့မှ ရေကိုသာ အဓိကအားထားရကြောင်း သိရသည်။

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာနှစ်တွင် မိုးစပါးကို ချောင်းမကြီးဆည်မှ ဧက ၄၃၄ဝ၊သဖန်းချောင်း ဆည်မှ ဧက၆၈ဝ၊နတ်ကာဆည် မှ ၈ဝ၈ဧက၊ ယင်းတော်ကန်မှ ၆၅၃ ဧကနှင့် ကျောက်ဆည်ကန် မှ ၂၈၆၆ဧကနှင့်အတူ တစ်မြို့နယ်လုံး ဆည်ရေဖြင့် ၁၁၁၇၅ဧက စိုက်ပျိုးရေပေးဝေ နိုင်ပြီး မိုးစပါးအောင်ရေ အတွက်ကိုလည်း လုံလောက်စွာဖြန့်ဝေပေး နိုင်မည်ဟု သိရသည်။

ယခုနှစ်တွင် မိုးရွာသွန်းမှုများ သော်လည်း ပျော်ဘွယ်မြို့နယ် အတွင်းရှိ ဆည်၊ကန်၊တာတမံများ ကြံခိုင်မှုရှိ၍ သတ်မှတ်ရေပြည့်ရေ လှောင်ပမာဏ သိုလှောင်နိုင်မည် ဖြစ်ပြီး နွေသီးနှံစိုက်ပျိုးရန်အတွက် စိုက်ပျိုးရေကို ယခင်နှစ်ကထက် ပိုမိုဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...