Social Icons

Pages

Tuesday, October 24, 2017

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အတွင်း ကုန်စည်အရောင်းအ၀ယ်နည်းပါး



မူဆယ် ၂၄-၁၀-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် ၁ဝ၅မိုင် ကုန်သွယ်ရေးဇုန်အတွင်း လတ်တလော အခြေအနေများအရ လယ်ယာထွက်ကုန်ပစ္စည်းများ အရောင်းအဝယ် နည်းပါးနေကြောင်း မူဆယ်ခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

" တရုတ်နိုင်ငံထဲမှာ ပါတီညီလာခံကျင်းပနေတဲ့ ရက်ကတည်းက မူဆယ်ကုန်သွယ်ရေး ဇုန်မှာလဲ အရောင်းအဝယ်ပါးနေတာ သုံး၊လေးရက်လောက် ရှိနေပါပြီ။ ပိတ်တဲ့ ကုန်ကလဲ ပိတ်၊ ဈေးကျနေတဲ့ ကုန်ကလဲကျဆိုတော့ အရောင်းအဝယ်က တော်တော်ပါးပါတယ်။ အရောင်းအဝယ်ပါးပေမယ့် အောက်ကတက်တဲ့ ကုန်တွေကတော့ တက်နေတာ လေးတွေရှိပါတယ်။

သကြားကတော့ စက်တင်ဘာ ၂၂ ရက်ကတည်းက တရုတ်နိုင်ငံဘက်က ပိတ်လိုက်ပါပြီ။ လတ်တလောတော့ ဆန်၊ ပြောင်းနဲ့ သစ်သီးတွေကတော့ ပုံမှန်တက်နေပါတယ်။ ကားခဈေးနှုန်းတွေကတော့ အတက်အကျ မရှိပါဘူး။ ပုံမှန်ပါပဲ" ဟု ၎င်းက ဆက်လက် ပြောပြသည်။

မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်အတွင်း နေ့စဉ်ဝင်ရောက်လျက်ရှိသော ဆန်များမှာ တစ်ရက်လျှင် တန်ချိန် ၂ဝဝဝ ကျော်ရှိပြီး ဈေးနှုန်းအနေဖြင့် 50kg တစ်အိတ်လျှင် အနည်းဆုံး ၁၂၄ယွမ်မှ ၁၄၁ ယွမ်ထိဈေးရပြီး ပြောင်းဝင်ရောက်မှုမှာ တစ်ရက်လျှင် တန်ချိန် ၂ဝဝဝမှ ၃ဝဝဝကျော် ထိဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ပြောင်းဈေးမှာ 50kg တစ်အိတ်လျှင် အနည်းဆုံး ၇၅ယွမ်မှ အများဆုံး ၈၄ယွမ်ထိ ဈေးရရှိနေသည်။ သစ်သီးဝလံ ဝင်ရောက်မှုများ အနေဖြင့် ဖရဲသီးများဝင်ရောက် လျက်ရှိပြီး ဖရဲသီးဈေးနှုန်းများမှာ တစ်တန်လျှင် အသီးအရည်အသွေးအလိုက် အနည်းဆုံး ယွမ် ၃ဝဝ မှ ၁၈ဝဝထိ ဈေးရရှိနေကြောင်း သိရသည်။

လက်ရှိတရုတ်ငွေ ပေါက်ဈေးများအနေဖြင့် ယွမ်ဈေးမှာ တည်ငြိမ်လျက်ရှိပြီး တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာငွေကျပ် ၂ဝ၂၊ ၂ဝ၃ကျပ်ထိ ဖြစ်ကြောင်းလည်း အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...