Social Icons

Pages

Thursday, October 12, 2017

ရခိုင်ပြည်နယ် အရေးကိစ္စ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲမှ ပညာရှင်တို့၏ လွတ်လပ်သော စကားသံများ


ဦးဝင်းမြ 

ဦးညွန့်ဆွေ 

ဦးမောင်မောင်အုန်း 

ဦးကိုကိုလှိုင် 

ဦးသန်းနိုင်ထွန်း


မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ရခိုင်ပြည်နယ် အရေးကိစ္စ၊ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့တွင် ရန်ကုန်မြို့ Summit Park View Hotel ၌ ကျင်းပသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ခေါင်းစဉ်အရ ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့၏ ရခိုင်ပြည်နယ်သို့ သွားရောက် ကြည့်ရှု၍ လေ့လာတွေ့ရှိချက်များ၊ မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးအပေါ် ရခိုင်ပြည်နယ် အရေးကိစ္စ သက်ရောက်မှုများကို ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ပညာရှင်များ၏ လွတ်လပ်သော စကားသံများကို မေးမြန်းဖော်ပြ လိုက်ရပါ သည်။

ဦးဝင်းမြ - မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ

ရခိုင်ပြည်နယ် ကိစ္စက ပြည်တွင်းမှာရော ပြည်ပမှာပါ အထူးစိတ်ပါ ဝင်စားစွာနဲ့ လေ့လာဝေဖန်ပြီး မျိုးစုံသော သုံးသပ်မှု တွေလည်း ရှိနေပါတယ်။ တချို့ ပြည်ပက ပြောဆိုမှုတွေ၊ ပြည်ပ သတင်းမီဒီယာတွေရဲ့ ပြောဆိုမှုတွေက ရခိုင်ပြည် နယ်မှာဖြစ်နေတဲ့ ဖြစ်စဉ်တွေအရ ပြောင်းပြန် ဖြစ်နေတယ်လို့ ပြောလို့ရတယ်။ မြေပြင် အခြေအနေမှန်နဲ့ ကင်းကွာပြီး လွန်လွန်ကဲကဲ ဖော်ပြနေတာမျိုးတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအပေါ်မှာ အမှန်က ဘာလဲဆိုတာသိဖို့ လိုပါတယ်။ ဒါ ကြောင့် ရခိုင်ပြည်နယ်နဲ့ အကျွမ်းတဝင်ရှိပြီး အတွေ့အကြုံရှိတဲ့ သူတွေ၊ စိတ်ပါဝင်စားစွာနဲ့ လေ့လာတဲ့သူတွေကို ဖိတ် ကြားပြီး သူတို့ရဲ့အမြင်တွေ၊ ယူဆချက်တွေကို အမြင်ချင်း ဖလှယ်ဆွေးနွေး ကြတာပါ။ များစွာ အထောက်အကူပြုမယ် လို့လည်း ယူဆပါတယ်။ လက်ရှိ စိန်ခေါ်မှုတွေကိုလည်း ဆွေးနွေးမယ်၊ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာတွေ ကို ဆွေးနွေးကြပြီး ဆွေးနွေးချက်တွေကို နိုင်ငံတော် သမ္မတရုံးကို တင်ပြမှာပါ။ ဒီလိုတင်ပြခြင်းဖြင့် နိုင်ငံတော်အနေနဲ့ ရှုပ်ထွေး ခက်ခဲနေတဲ့ ရခိုင်အရေး ကိစ္စတွေကို စဉ်းစားတဲ့အခါ အထောက်အကူ ပြုစေမှာပါ။ အမျိုးသား လူ့အခွင့်အ ရေးကော်မရှင် အနေနဲ့ ရခိုင်ပြည်နယ်ကိုသွားပြီး ရခိုင်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံကို ထွက်ခွာဖို့ စုရုံးနေတဲ့ ဘင်္ဂါလီ ဦးရေ တစ်ထောင်ကျော်နဲ့ တွေ့တယ်၊ ဘာကြောင့် ထွက်ခွာမှာလဲ မေးမြန်းတယ်။

နိုင်ငံတော် အပိုင်းကလည်း သူတို့ ရပ်ရွာမှာ သူတို့နေရေး ထိုင်ရေးကအစ အဆင်ပြေအောင် လုပ်နေတဲ့အပေါ် ထူးခြားတာတစ်ခုက တစ်ဖက်နိုင်ငံကို ရောက်နေတဲ့ သူတို့ရဲ့အသိမိတ်ဆွေတွေက ဖိတ်ခေါ်နေတယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိနေတယ်။ ဒါကထူးခြား တယ်။ ရခိုင်မှာ လူ့အခွင့်အရေးတွေ ချိုးဖောက်နေလို့၊ ဖိနှိပ်မှုတွေရှိနေလို့၊ အကြမ်းဖက်မှုတွေ ရှိနေလို့ အစုလိုက် ထွက်ပြေးနေကြတယ်လို့ အမြင်ဖြစ်နေတယ်။ ဒါကိုကျွန်တော်တို့ သွားကြည့်လိုက်တဲ့အခါ သူတို့ဆီကို လာအောင် ဆွဲဆောင်စည်းရုံး နေတာတွေ့ရတယ်။ မြောက်ဦးလို အေးချမ်းတဲ့နေရာက လူတွေတောင် မိမိတို့ရဲ့ အိုးအိမ်တွေ ရောင်းချပြီး ဟိုဘက်ကိုသွားဖို့ လုပ်နေကြတယ်။ သူတို့ဘာတွေကို မျှော်မှန်းနေကြတာလဲ ဆိုတာ ထူးခြားချက်ဖြစ်နေ တယ်။

အခုဆိုရင် မြန်မာနိုင်ငံရဲ့ကိစ္စက ပြည်တွင်းမှာတင် မဟုတ်တော့ဘဲ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာပါ တင်ပြ ဆွေးနွေးတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။ ဘာကြောင့် ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိရောက် အောင်ပြုလုပ်နေရတာလဲ၊ သူတို့တွေက ဘာတွေကို တောင်းဆိုနေကြတာလဲ ဆိုတာတွေက စဉ်းစားစရာ မေးခွန်း တွေဖြစ်နေတယ်။ အရေးကြီးဆုံးက တည်ငြိမ်မှုကို ပြန်လည်ရရှိအောင်လုပ်ဖို့၊ လွန်ကဲစွာ စိုးရိမ်ကြောင့်ကြမှုတွေ ဖြစ်မ နေဘဲ မိမိတို့ရဲ့ အိုးအိမ်ရပ်ရွာမှာ ပြန်လည်နေထိုင်ဖို့ အရေးကြီးပါတယ်။ ဒီအခွင့်အရေးတွေ ဖောက်ဖျက်နေတာတွေ ကို တားဆီးနိုင်ဖို့ နိုင်ငံတော် အပိုင်းက အပြင်းအထန် ဆောင်ရွက် ပေးနေပါတယ်။ သူတို့ရဲ့နေရေး၊ ထိုင်ရေး၊ လုံခြုံ ရေး၊ စားသောက်ရေးရရှိဖို့ကို ဆောင်ရွက်ပေးနေပါတယ်။ ဟိုဘက်က ဖိတ်ခေါ်နေတယ်။ ဘာမက်လုံးတွေ ရှိနေတယ် ဆိုတာ စဉ်းစားဖို့လိုတယ်။ တချို့က ဟိုဘက်ကူးသွားရင် အခုထက် အဆင်ပြေမလား၊ သူတို့ဆွေမျိုးတွေရှိတယ်။

ဒါ့ပြင်တစ်ဖက်နိုင်ငံကို ကူးဖို့ ရည်မှန်းချက်တွေလည်း ရှိတယ်။ ဒါကတော့ အတိအကျ ပြောလို့မရဘူးပေါ့။ အ ကြမ်းဖက်အဖွဲ့တွေကလည်း နေထိုင်တဲ့ ဒေသခံ လူမျိုးတွေကို ခြိမ်းခြောက်မှုတွေရှိတဲ့ အတွက်ကြောင့် ထွက်ပြေးနေ တဲ့ အနေအထား မျိုးတွေလည်းရှိတယ်။ ဒါကို ၁၉၉၃ ခုနှစ်က မြန်မာ -ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား သဘောတူညီ ချက်အရ တစ်ဖက်နိုင်ငံမှာ ရောက်နေတဲ့ ဘင်္ဂါလီတွေ ပြန်ခေါ်ယူမယ်လို့ ပြောထားတာရှိတယ်။ ဒီအတွက် ရခိုင်မှာ တကယ်နေခဲ့တဲ့ သူတွေ နေထိုင်တဲ့ အထောက်အထားတွေအရ ပြန်နေထိုင်ခွင့်ရမယ်။ ကြားက အချောင်ဝင်လာမယ့် လူတွေကို တားဆီးနိုင်မယ်။ ဒီသဘောတူညီချက်အတိုင်း ဆောင်ရွက်မယ် ဆိုရင်တော့ ဖြစ်ပွားနေတဲ့ ပြဿနာတွေ ပြေလည်နိုင်စရာ အကြောင်း ပေါ်လာလိမ့်မယ်လို့ မြင်ပါတယ်။

ဦးညွန့်ဆွေ မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂ ဆက်ဆံရေး ကိုယ်စားလှယ်

ရခိုင်အရေးကိစ္စက ကုလသမဂ္ဂနဲ့ ပထမအကြိမ် စတင်ပတ်သက်တာက ၁၉၇၈ ခုနှစ်၊ ၁၉၇၉ ခုနှစ်နဲ့ ၁၉၈ဝ ပြည့်နှစ် တွေပါ။ ဒီအပိုင်းမှာက ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အဆင့်မှာ ဆွေးနွေးတယ်။ ဒုတိယ တစ်ကြိမ်ကတော့ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ်ပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင် အဆင့်ကနေ လူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးတယ်။ အခုတတိယကတော့ ဒါကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအဆင့်မှာ ဆွေးနွေးနေတဲ့ အနေအ ထားပါ။ ဒီအပိုင်းသုံးပိုင်းနဲ့ ပတ်သက်ပြီး ပထမ တစ်ကြိမ်မှာတုန်းက ကုလသမဂ္ဂကို ဘယ်လိုရောက်ရှိသွားတယ်။ ဘယ်လိုတွေ ဖြစ်ပျက်ခဲ့တယ်။ နောက်ပြီး မြန်မာနိုင်ငံ အနေနဲ့ ဘယ်လိုဖြေရှင်း ဆောင်ရွက်ခဲ့တယ် ဆိုတဲ့အပိုင်းပါ။ ဒုတိယ အပိုင်းက ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၃ ခုနှစ်မှာ ဘယ်လိုပြန်ပြီး ဖြစ်ပေါ်လာတယ်၊ ဘယ်လိုဖြေရှင်း ခဲ့တယ်ဆိုတဲ့ အပိုင်းပါ။ တတိယအပိုင်းက လက်ရှိ အနေအထားပေါ့။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံ အရေးက ဘယ်လို အနေအထား ရောက်နေတယ်၊ ဒါကြောင့် ပထမအကြိမ်၊ ဒုတိယ အကြိမ်တွေကို အခြေခံပြီးတော့ ဘယ်လိုဆောင်ရွက်သင့်တယ်၊ ဘယ်လိုကိုင်တွယ် ဖြေရှင်းရင် နိုင်ငံတော်အတွက် ပိုမိုကောင်းမွန်တယ်ဆိုတာ အရင်တုန်းက အခြေအနေကို အခြေခံ ပြီး အပြန်အလှန် ဆွေးနွေး အဖြေရှာမယ်။ ပြီးရင် အကြံပြုချက် တင်သွင်းမယ်။ ဒီဆွေးနွေးပွဲက လွတ်လပ်တဲ့ ပညာ ရှင်တွေ ပါဝင်ဆွေးနွေး အကြုံပြုကြတာဖြစ်လို့ ပြည်သူလူထုအတွက်၊ နိုင်ငံတော်အတွက် အကျိုးများစေမယ်လို့ ယူဆ တယ်။

ဦးမောင်မောင်အုန်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် (ငြိမ်း)

ရခိုင်ပြည်နယ်ကို ဝန်ကြီးချုပ် တာဝန်ယူ ဆောင်ရွက်တဲ့ အချိန်တုန်းက မေးပါတယ်။ သူတို့တွေက ရိုဟင်ဂျာဖြစ်ချင် တာလား၊ နိုင်ငံသား ဖြစ်ချင်တာလား၊ ရိုဟင်ဂျာဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံမှာမရှိဘူး။ ကျွန်တော်လည်း မလုပ် ပေးနိုင်ဘူး ပြောပါတယ်။ သူတို့ရဲ့အဓိက ရည်မှန်းချက်က ဘာလဲ။ ကျွန်တော့်အနေနဲ့ လူသားချင်း စာနာပါတယ်။ သူ တို့ရဲ့ ဘဝတွေကို ဒီထက်မြင့်မားအောင် ဆောင်ရွက်ပေးဖို့ တာဝန်ရှိတယ်ဆိုပြီး သူတို့ကို နိုင်ငံသားအဖြစ် စည်းရုံး လက်ခံပြောဆို တာတွေလည်း ရှိခဲ့ပါတယ်။ ဘင်္ဂါလီ ကွန်မြူနတီမှာလည်း နိုင်ငံသားဖြစ်ချင်တဲ့ သူရှိတယ်။ ရိုဟင်ဂျာ ဖြစ်ချင်တဲ့သူရှိတယ်။ 
အနောက်မှာ အကြမ်းဖက်အဖွဲ့က နိုင်ငံသား ယူလိုက်ရင် မင်းတို့ကို သတ်မယ်ဆိုတဲ့ ခြိမ်း ခြောက်မှုတွေရှိတော့ သူတို့က ဘင်္ဂါလီနယ်ပယ်မှာလည်း အချင်းချင်း နားလည်မှု၊ ယုံကြည်မှုရယူဖို့ လိုသလို ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီ နယ်ပယ်မှာလည်း နားလည်မှု၊ ယုံကြည်မှုတွေကို တည်ဆောက်ဖို့ လိုပါတယ်။ ဒီကိစ္စက သိမ်မွေ့နက်နဲပါတယ်။ နှစ်ပေါင်းများစွာ ဖြစ်ပေါ်နေတဲ့ ကိစ္စကို လတ်တလော ဖြေရှင်းဖို့ ခက်ပါတယ်။ ဒေသဖွံ့ဖြိုး တိုးတက်တည်ငြိမ်မယ်။ ဒါကြောင့် ဒေသဖွံ့ဖြိုး တိုးတက်ဖို့ကလည်း အရေးကြီးပါတယ်။ အားလုံးက ဘင်္ဂါလီ အရေးနဲ့ လုံခြုံရေးကိုပဲ စိတ်ထဲ ထည့်နေကြတော့ ဒေသဖွံ့ဖြိုးရေးကို မေ့နေကြတယ်။

ဘင်္ဂါလီကိစ္စကို ဖြေရှင်းတာက တစ်ပိုင်း၊ တစ်ဖက်ကလည်း ဖွံ့ဖြိုးရေး ကိစ္စကို လုပ်စေချင်တယ်။ ဒါ့ပြင် တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဒေသတွေမှာ စံပြကျေးရွာတွေ ဆောက်လုပ် ပေးစေချင်တယ်။ ဒါ့ပြင် သူတို့ရဲ့ လုံခြုံရေးတွေ၊ အာမခံ ချက်တွေ ပေါင်းစပ်ပြီးလုပ်ဖို့ လိုပါတယ်။ အခုဖြစ်နေတဲ့ ပြဿနာကအရင်တုန်းက နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်း တယ်။ ပြီးတော့ စစ်ရေးနည်းလမ်း ဖြစ်လာတယ်။ အခုတစ်ခါ အကြမ်းဖက် ဖြစ်လာပြီဆိုတော့ ဒါက နောက်ဆုံးအ ချိန်ပဲ၊ ဒါကိုကျော်ဖြတ်ပြီး အောင်မြင်မှုရအောင် အစိုးရ၊ တပ်မတော်၊ ပြည်သူတွေပါ ပါဝင်ပြီး လက်တွဲညီညီ နိုင်ငံတ ကာနဲ့ ချိတ်ဆက်ပြီး တစ်မျိုးသားလုံး ပါဝင်ရမယ့် အချိန်ရောက်ပြီလို့ ပြောချင်တယ်။

ဦးကိုကိုလှိုင် နိုင်ငံတကာရေးရာ သုတေသီ

အထူးသဖြင့် ကျွန်တော်တို့ရဲ့ အဓိက အနီးဆုံးဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် သူ့အပေါ်မှာ သက်ရောက်နေတဲ့ နိုင်ငံ တကာရဲ့ သက်ရောက်မှုတွေကို ဆွေးနွေးမှာပါ။ အခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာက နိုင်ငံတကာကပါ ပါဝင် ပတ်သက်နေပြီ ဆိုတော့ ဒါကိုတုံ့ပြန်ပြီး လုပ်ဆောင်ဖို့က တစ်နိုင်ငံတည်းနဲ့ မရနိုင်ဘူး။ ပြည်တွင်းမှာလည်း အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်ရမှာပါ။ အစိုးရ တစ်ရပ်တည်းနဲ့ မရနိုင်ဘူး။ တပ်မတော် တစ်ရပ်အနေနဲ့ လည်းမရနိုင်ဘူး။ ပြည်သူအားလုံး အပါအဝင် ကဏ္ဍအားလုံးက အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ ခံယူပြီး လုပ် ဆောင်ဖို့လိုသလို နိုင်ငံတကာနဲ့ ပတ်သက်လာရင်လည်း ကိုယ့်ရဲ့မိတ်ဆွေ နိုင်ငံတွေ ကိုယ့်ဘက်ကနေ ရပ်တည်တဲ့ အားကိုယူပြီး တုံ့ပြန်ဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်ကနေ တစ်ဖက်နိုင်ငံထဲကို ရောက်သွားတဲ့ သူတွေကို ပြန်လည် လက်ခံတုန်းက ၁၉၉၂ ခုနှစ် သဘောတူညီချက်နဲ့ ၁၉၉၃ ခုနှစ်မှ ပြန်လည် လက်ခံခဲ့တယ်။ လက်ခံခဲ့တဲ့ အခြေအ နေမှာလည်း သူတို့ပြန်လိုတဲ့ စိတ်ဆန္ဒရှိမှ ပြန်လာရမယ်။ မြန်မာနိုင်ငံကို အန္တရာယ်ပြုမယ့် သူတွေဆိုရင် လက်မခံကြ ဘူး။

ဒါက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံမှန်ပါပဲ။ ဒီလိုပဲလုပ်ကြရမှာပဲလေ။ ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံထဲကို ပြန်မလာချင်ဘဲ အ တင်းခေါ်လို့ မရဘူးလေ။ သူတို့ကိုက ဒီနယ်မြေထဲကနေ ထွက်သွားကြတာဖြစ်လို့ ထွက်သွားကြတဲ့သူ မှန်ရင် ပြန် လည်စိစစ်ပြီး လက်ခံရမယ်ဆိုတာ ကိုယ့်ရဲ့တာဝန်လို ဖြစ်နေတယ်။ သေချာစိစစ်ပြီးတော့မှ ပြန်ခေါ်ဖို့လိုမယ်လို့ ယူဆမိပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအထိ မြန်မာနိုင်ငံရဲ့ ရခိုင်အရေးကို တင်ပြဆွေးနွေး နေရတယ်။ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဖိအားတွေ ရှိနေလားဆိုရင်တော့ အနောက်နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ကျန်တဲ့ကိုယ့် ပတ်ဝန်းကျင် ဒေသတွင်း အင်အားကြီး နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်၊ ရုရှားနဲ့ ဂျပန်စတဲ့ အင်အားကြီးနိုင်ငံတွေ အပြင် အာဆီယံ နိုင်ငံတွေကလည်း မြန်မာနိုင်ငံအပေါ် နားလည်ပြီး ကာကွယ်ပေးနေတဲ့ နိုင်ငံတွေလည်း ရှိပါတယ်။ အနောက်နိုင်ငံ တွေကတော့ သူတို့ကိုယ်သူတို့ နိုင်ငံတကာလို့ ယူဆတယ်။ ဒါပေမဲ့ အဲဒီခေတ်က ကုန်သွားပါပြီ။ ဒါ ကြောင့်အမျိုးသားရေး ကိစ္စတစ်ခုအဖြစ် အားလုံးပါဝင် ဆောင်ရွက်ဖို့ လိုပါတယ်။

ဦးသန်းနိုင်ထွန်း ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန

ကျွန်တော့် အနေနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်ခွင့် ဥပဒေကို ပြင်ရမယ်။ ပြင်သင့်တယ် ဆိုတာကို ဝေဖန်ချင်ပါတယ်။ ဘာကြောင့် ပြင်ရမယ်ဆိုတာ မပြောဘဲ ယေဘုယျ ပြင်သင့်တယ်လို့ ပြောနေတာက သဘာဝမကျဘူးလို့ ပြောချင်ပါ တယ်။ ဒီဥပဒေ ဘယ်လိုရေးဆွဲထားတာလဲ၊ ဘယ်အချက်တွေ အားနည်းပြီး ဘယ်အချက်တွေ လိုအပ်တယ် ဆိုတာကို ပြင်သင့်တယ်လို့ပြောတဲ့ သူတွေက ဖော်ပြဖို့လိုတယ်။ တကယ်တော့ ဒီဥပဒေက ၁၉၈၂ ခုနှစ်ကစပြီး ကန့်သတ် ချက်တွေ၊ ဖိနှိပ်ချက်တွေနဲ့ ရေးဆွဲထားတာ မဟုတ်ပါဘူး။ လွတ်လပ်ရေးနဲ့အတူ ၁၉၄၈ ခုနှစ် ပြည်ထောင်စု မြန်မာ နိုင်ငံသား ပြုခွင့်ဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေက ဗိုလ်ချုပ်အောင်ဆန်း ဦးစီးတဲ့ တိုင်းပြုပြည်ပြု လွှတ်တော်ကနေ ၁၉၄၇ ခုနှစ် ဥပဒေရေးဆွဲတဲ့ အချိန်မှာ တစ်ပြိုင်နက်တည်း ဆွဲပြီးမှ လွတ်လပ်ရေးနဲ့အတူ ကိုလိုနီ လက်အောက်ခံ ဘဝမှာ ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။

အဲဒီမှာ ဗြိတိသျှနေမဝင် အင်ပါယာနိုင်ငံ ၂ဝ စလုံးမှာမွေးတဲ့သူ ဘယ်သူမဆို မြန်မာနိုင်ငံသား ဖြစ်လိုရင် ခွင့်ပြုပေးရ မယ်ဆိုတာ ပါပါတယ်။ ဒီအချက်က ဒီဘက် လွတ်လပ်တဲ့ သီးခြားနိုင်ငံ ဖြစ်လာတဲ့အပေါ်မှာ လက်ရှိနဲ့မကိုက်ညီတော့ ဘူး။ ဒါကို တော်လှန်ရေး ကောင်စီအစိုးရ ဒီဘက် ၁၉၇၄ ခုနှစ် ဥပဒေရေးဆွဲလိုက်တဲ့ အပေါ်မှာ ပြင်ဖို့လိုလာပါပြီ။

နိုင်ငံ ၂ဝ မှာ မွေးတဲ့သူ နိုင်ငံခြားသား ဘယ်သူမဆို ပေးရမယ်ဆိုတာ မဖြစ်နိုင်တော့တဲ့အတွက် ၁၉၇၆ ခုနှစ်မှာ ပြင် ဆင်ဖို့ ဒေါက်တာ မောင်မောင်ဦးစီးတဲ့ ပညာရှင်တွေနဲ့ အချိန်ခြောက်နှစ်ယူပြီး မူကြမ်းသုံးခုဆွဲပြီး ပြည်သူကို သုံးကြိမ် ချပြတယ်။ အကြံဥာဏ် တောင်းတယ်။ ပြီးမှ ၁၉၈၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ ရေးဆွဲပြဋ္ဌာန်းလိုက်တယ်။ အဲဒီမှာ ဗြိတိသျှ အင်ပါယာနိုင်ငံ ၂ဝ မှာမွေးတဲ့သူကို နိုင်ငံသား ပြုခွင့်ပေးရမယ်ဆိုတဲ့ အချက်ကိုတော့ ပယ်လိုက်ပြီး ဘိုးဘွားလေးဦး လက်ထက်ကစပြီး မိဘများနဲ့ အတူနေတယ်ဆိုရင် နိုင်ငံသား လျှောက်ခွင့်ပေးရမယ်ဆိုတဲ့ အချက် တွေနဲ့ တခြားဖြေလျှော့ ထားတာတွေ ပါပါတယ်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...