Social Icons

Pages

Thursday, September 21, 2017

စက်မှုလယ်ယာ ကူးပြောင်းရေးတွင် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းက တောင်သူအကျိုးစီးပွားအတွက် များစွာအရေးပါနေ



မကွေး ၂၁-၉-၂၀၁၇

တောင်သူ အကျိုးစီးပွားကို ရှေးရှုသော လုပ်ငန်းဆောင်တာများအနက် စက်မှုလယ်ယာကူးပြောင်းရေး ဆောင်ရွက်ရာတွင် လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းက တောင်သူများ၏ အကျိုးစီးပွားအတွက် များစွာအရေးပါနေကြောင်း မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

လယ်ကွက်များတွင် မူလပုံသဏ္ဌာန် ပုံစံမကျသည့်လယ်ကွက်များ ရှိနေပြီး လေးထောင့်ပုံမကျဘဲ အဝိုင်းပုံဖြစ်နေခြင်း၊ အနိမ့်အမြင့်မညီဘဲ တစ်ဧကဧရိယာထဲ၌ အကွက်များ ၁ဝကွက်၊ ၁၅ကွက်ခန့်ရှိနေခြင်း၊ အဆိုပါမြေကွက်များထဲ၌ လယ်ယာသုံးစက်ကိရိယာ သုံးစွဲမည်ဆိုလျှင်အချိန်နှင့် ဆီအကုန်အကျများခြင်း၊ထွက်ရှိလာသော သီးနှံများသယ်ရန် ကုန်ထုတ်လမ်းများ မရှိသည့်အတွက် အခက်အခဲနှင့် ကြန့်ကြာခြင်းများဖြစ်နေကြောင်း စက်မှုလယ်ယာဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဇော်က ပြောပြသည်။

"အညာဒေသတွေဟာ ရေရှားပါးတဲ့ ဒေသဖြစ်တဲ့အလျောက် အဆင့်မြင့်လယ်ယာ ဖော်လိုက်တဲ့ လယ်ကွက်တွေညီညာ တယ်ဆိုရင် မူလရေသုံးစွဲမှုရဲ့ ၂ဝရာခိုင်နှုန်း လျှော့ချပြီးတော့ သုံးနိုင်မယ့်အဆင့်ကို ရောက်လာမယ်။ ဥပမာမူလက ရေဂါလန် တစ်သိန်းသုံးရမယ်ဆိုရင် ရှစ်သောင်းလောက်ပဲ သုံးရတော့မယ်"ဟု၎င်းက ဆက်လက်ပြောပြသည်။

ယခင်နှစ်က မကွေးတိုင်း ဒေသကြီး ဘတ်ဂျက် ငွေကျပ် ၁၇၅ ဒသမ ၇၅၈ သန်း အသုံးပြု၍ မြို့သစ်မြို့နယ် ကိုရံတောင်ကျေးရွာတွင် ဧက ၁ဝဝ၊ မင်းဘူးမြို့နယ် ကာလဘားကျေးရွာတွင် ဧက ၂ဝဝ စုစုပေါင်းအဆင့်မြင့် လယ်ယာဧက ၃ဝဝ ဖော်ထုတ်နိုင်ခဲ့ပြီး ယခုနှစ်အတွက် တိုင်းဒေသကြီး ဘတ်ဂျက်ဖြင့် အဆင့်မြင့်လယ်ယာဧက ၄ဝဝ ဖော်ထုတ်ခွင့်ရရှိရန် တင်ပြထားကြောင်း မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...