Social Icons

Pages

Wednesday, September 20, 2017

ယခုနှစ်တွင် လက်ဖက်ခူးရ မှုနည်းသော်လည်း လက်ဖက်ခြောက်ဈေးနှုန်း အတက်အကျမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ်ဖြစ်နေ



လာရှိုး ၂၀-၉-၂၀၁၇

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၌ယခုနှစ်တွင် လက်ဖက်ထွက်ရှိသော ဒေသများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် လက်ဖက်ခူးနိုင်ခြင်း မရှိသော်လည်း လက်ဖက်ခြောက် ဈေးနှုန်းအတက်၊ အကျမရှိဘဲ ပုံမှန်ဈေးနှုန်းဖြင့်သာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း လားရှိုးမြို့မှ လက်ဖက်ခြောက် လက်လီ၊လက်ကား အရောင်းအဝယ်လုပ်ကိုင်သူ ဒေသခံတစ်ဦးထံမှ သိရသည်။

ယခုနှစ်လက်ဖက်ခူး ချိန်တွင် နယ်မြေအေးချမ်းမှု နည်းပါးသဖြင့် လောက်ကိုင်ဒေသနှင့် နမ့်ဆန်ဒေသတို့မှ လက်ဖက်ခြံများတွင် လက်ဖက်ခူးရမှု နည်းပါးကြောင်း၊ လက်ဖက်ခူးရခြင်း မရှိ၍လက်ဖက်စိုက် တောင်သူများအနေဖြင့် ဆုံးရှုံးနစ်နာမှုများ ဖြစ်ပွားရကြောင်း၊ နှစ်စဉ်လက်ဖက်ခြောက် အများဆုံး ထွက်လေ့ရှိသော လောက်ကိုင်ဒေသနှင့် နမ့်ဆန်ဒေသတို့မှာ ယခုနှစ်တွင် လက်ဖက်ခြောက်ထွက်ရှိမှု နည်းသော်လည်း လားရှိုးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ နမ္မတူမြို့နယ်တို့နှင့် အခြားမြို့နယ်တို့မှ လက်ဖက်ခြောက်များ ထွက်ရှိသဖြင့် လားရှိုးမြို့တွင် လက်ဖက်ခြောက်ဈေးကွက် တည်ငြိမ်မှုရှိကြောင်း သိရသည်။

"ကျွန်မတို့ဆိုင်မှာ လက်ဖက်ခြောက်ထွက်တဲ့ ဒေသတိုင်းက ဝယ်ယူပြီး ထုပ်ပိုးစနစ်နဲ့ ပြန်ထုပ်ပြီးလက်လီ၊ လက်ကားရောင်းပါတယ်။ ဒီနှစ်လက်ဖက်ထွက်တဲ့ ဒေသတချို့မှာ နယ်မြေမအေးချမ်းလို့ လက်ဖက်မခူးကြရဘူး။ ကျွန်မတို့အနေနဲ့လဲ အဲဒီဒေသကထွက်တဲ့ လက်ဖက်ခြောက်ကိုတော့ ဆိုင်မှာတင်မရောင်းနိုင်ဘူး။ ဒါပေမဲ့ တခြားဒေသက လက်ဖက်ခြောက်ထွက်တာများလို့ တော်ပါသေးတယ်။ လက်ဖက်ခြောက်မခူးရတဲ့ ဒေသတွေရှိပေမယ့်လက်ဖက်ခြောက်ဈေးနှုန်းကတော့ ပုံမှန်အတိုင်း အတက်၊အကျမရှိပါဘူး။ နယ်မြေအေးချမ်းရင် ဒေသထွက် သီးနှံတွေလဲမပျက်စီး၊မဆုံးရှုံးဘဲ စိုက်ပျိုးရေးလုပ်ကိုင်တဲ့ သူတွေလဲ နစ်နာမှုရှိမှာမဟုတ်ပါဘူး"ဟု ၎င်းကဆက်လက် ပြောပြသည်။

လားရှိုးမြို့တွင် လက်ဖက်ခြောက် အမျိုးအစားလိုက် တစ်ပိဿာလျှင် ငွေကျပ်၄၅ဝဝမှ ၃ဝဝဝဝနှင့် ဖောက်သည်ဈေးဖြင့် ရောင်းချလျက်ရှိပြီး လက်လီပြန်ရောင်းချသူ များအနေဖြင့် တစ်ပိဿာလျှင် ငွေကျပ် ၆ဝဝဝမှ ၄ဝဝဝဝ ကျော်ထိ ပြန်လည်ရောင်းချ ကြကြောင်းလားရှိုးမြို့ မြို့မဈေးကုန်စိမ်းတန်းတွင် ရောင်းချလျက်ရှိသော လက်ဖက်ခြောက်ဆိုင်ရှင် တစ်ဦးက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...