Social Icons

Pages

Wednesday, August 2, 2017

မန္တလေး အမရပူရမြို့နယ် ဝေရောစနကျောက်စိမ်း စေတီတော်တွင် ဘုရားဖူးလာပြည်သူများအား ရာသီတုပ်ကွေးရောဂါ H1N1 ပညာပေး



မန္တလေး ၂-၈-၂၀၁၇

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးဒေသရှိ ဝေရောစနကျောက်စိမ်း စေတီတော်တွင် ရာသီတုပ်ကွေးရောဂါ H1N1 ပညာပေးပိုစတာများ ကပ်ခြင်း၊ နှာခေါင်းစည်းများ ဝေခြင်း၊ ဘုရားမုခ်ဦး အတက်၊အဆင်းနေရာများတွင် ဆပ်ပြာနှင့် လက်ဆေးရန် နေရာများထား၍ ပညာပေး လက်ဆေးစေခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီမှစ၍ ဘုရားဖူးလာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများအတွက် ရောဂါကာကွယ်ရေး ဝန်ဆောင်မှုများပေးလျက်ရှိကြောင်း စေတီတော် ဂေါပကဥက္ကဋ္ဌ သီရိသုဓမ္မမဏိ ဇောတဓရ ဦးစိုးနိုင်ထံမှ သိရသည်။

''ဝေရောစန ကျောက်စိမ်း စေတီတော်ဖူးမြော်ဖို့ လာရောက်တဲ့ ဘုရားဖူးဧည့်သည်က တစ်နေ့ကို အယောက် ၃ဝဝဝဝကျော်ရှိပြီး အဖိတ်၊ ဥပုသ်နေ့နဲ့  စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာ ပြိုပီးများပါတယ်။အခု ဘုရားဖူးသူတွေ ရောဂါကူးစက်မှု မဖြစ်အောင် ကျွန်တော်တို့ ဂေါပကအဖွဲ့နဲ့ဝန်ထမ်းတွေက ဒီနေ့မွန်းလွဲ ၁ နာရီကစပြီး နှာခေါင်းစည်းဝေတာ၊ လက်ဆေးဖို့ဆပ်ပြာနဲ့ ရေဘုံဘိုင်တွေ ကိုဘုရားအတက်မုခ်ဦးတွေမှာ ထားပေးပါတယ်။ ပညာပေး ပိုစတာတွေကပ်ထားပြီး ဘုရားဖူးတွေ အန္တရာယ်ကင်းဝေးစေဖို့ ဆောင်ရွက်နေပါတယ်။ နှာခေါင်းစည်းတွေ၊ ဆပ်ပြာတွေလာလှူတဲ့ ကုသိုလ်ရှင်တွေလဲ အလုံအလောက် ရှိနေတဲ့အတွက် ဒီရောဂါအခြေအနေ ငြိမ်သက်သွားတဲ့ ထိကျွန်တော်တို့ ကျန်းမာရေးဝန်ဆောင်မှု ပေးနေမှာပါ။ ရံဖန်ရံခါ ဘုရားဖူးတွေအတွက် အသိပညာပေး ဆွေးနွေးပွဲတွေကို တတ်ကျွမ်းတဲ့ဆရာဝန် တွေဖိတ်ခေါ်ပြီး ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ အရေးပေါ်အတွက်လဲ ဘုရားပေါ်မှာ ဆေးခန်းဖွင့်လှစ်ထား ပါတယ်''ဟု ၎င်းက ပြောပြသည်။

မန္တလေးမြို့ပေါ်တွင် ဘုရားဖူး စည်ကားသည့် အခြားတန်ခိုးကြီး စေတီတော်များတွင်လည်း ဝေရောစန ကျောက်စိမ်း စေတီတော်ကဲ့သို့ ရာသီတုပ်ကွေး ရောဂါကာကွယ်သည့် အစီအစဉ်များ ပြုလုပ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ဝေရောစန ကျောက်စိမ်းစေတီတော်က အဆိုပါ အစီအစဉ်ကို ဦးစွာပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...