Social Icons

Pages

Wednesday, August 2, 2017

အပူပိုင်းဇုန်အတွင်း ကျရောက်သောဒေသများ ရေရရှိရေး နည်းလမ်းငါးသွယ် ဖြင့်လုပ်ဆောင်



မုံရွာ ၂-၈-၂၀၁၇

အပူပိုင်းဇုန်အတွင်းသို့ ကျရောက်လျက်ရှိသော စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းမှ ခရိုင်လေးခရိုင်ရှိ မြို့နယ် ၁၇ မြို့နယ်တွင် ကျေးလက်ဒေသများ ရေရရှိရေးကို နည်းလမ်းငါးသွယ်ဖြင့် ဘဏ္ဍာနှစ်အလိုက် လုပ်ဆောင်ပေးနေကြောင်း တိုင်းဒေသကြီးစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သိရသည်။

အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးအတွက် လုပ်ဆောင်ပေးနေသော နည်းလမ်းငါးသွယ်မှာ အပူပိုင်းဇုန်အတွင်း ထပ်မံစိုက်ပျိုးသည့် အပင်ငယ်များ အတွက်စိုက်ပျိုး ရေနှင့်တိရစ္ဆာန်များ သောက်သုံးနိုင်ရန်အတွက် ရေကန်ငယ်များ တူးဖော်ပေးခြင်း၊ သဘာဝတောကျန် များအတွက် မြေဆီမြေနှစ်များ မပျက်စီးစေရေးအတွက် နုန်းတားဆည်ငယ်လေးများ တည်ဆောက်ပေးခြင်း၊ ကျေးလက်ဒေသနေ ပြည်သူများ သောက်သုံးရေလုံလောက်မှု ရှိစေရေးအတွက် မြေအောက်ရေ တူးဖော်ပေးခြင်း၊ မိုးရေစုကန်များ တည်ဆောက်ခြင်းနှင့် အသုံးပြုလာသည်မှာ ကြာမြင့်ပြီဖြစ်သည့် သက်တမ်းရင့် ရေကန်များကို ပြန်လည်တူးဖော် ပေးခြင်းလုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး အတွက် အကောင်အထည်ဖော် လုပ်ဆောင်ပေးမည့် ရေရရှိရေးလုပ်ငန်းများတွင် မိုးရေစုကန်များ တူးဖော်ပေးခြင်း လုပ်ငန်းကို ရွှေဘိုခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ မုံရွာခရိုင် အတွင်းရှိ ဘုတလင်မြို့နယ်၊ အရာတော်မြို့နယ်၊ ယင်းမာပင် ခရိုင်အတွင်းရှိ ယင်းမာပင်မြို့ နယ်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တို့တွင် တူးဖော်ပေးနေပြီး နုန်းတားဆည် ငယ်များ တည်ဆောက်ခြင်းလုပ်ငန်းကို ရွှေဘို ခရိုင်အတွင်းရှိ ရွှေဘိုမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်၊ အရာတော်မြို့နယ်၊ ယင်းမာပင်ခရိုင် အတွင်းရှိ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်နှင့် စစ်ကိုင်းခရိုင်အတွင်းရှိ မြင်းမူမြို့နယ်၊ မြောင်မြို့နယ်တို့တွင် တည်ဆောက် ပေးနေကြောင်း သိရသည်။

ထို့ပြင် မြေအောက်ရေ တူးဖော်ခြင်း လုပ်ငန်းကို ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် တူးဖော်ပေးနေပြီး မိုးရေစုကန် တည်ဆောက်ခြင်း လုပ်ငန်းကို စစ်ကိုင်းခရိုင်အတွင်းရှိ စစ်ကိုင်းမြို့နယ်တွင် တည်ဆောက်ပေးနေကာ တိမ်ကောရေကန်တူးဖြော်ခင်း လုပ်ငန်းကို မုံရွာခရိုင်အတွင်းရှိ အရာတော်မြို့နယ်တွင် အပူပိုင်းဒေသစိမ်း လန်းစိုပြည်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်အတွင်း လုပ်ဆောင်ပေးနေကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...