Social Icons

Pages

Monday, August 7, 2017

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံးမိသားစုများအား တွေ့ဆုံအမှာစကားပြောကြား


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက်ကြစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ ပညာတော်သင် သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စဉ်။

နေပြည်တော် ၇-၈-၂၀၁၇

ဂျပန်နိုင်ငံ၊ Tokyo မြို့တွင် အလုပ်သဘော ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးနှင့် စစ်သံရုံး မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့် တပ်မတော်အရာရှိကြီးများ၊ မြန်မာသံအမတ်ကြီး ဦးသူရိန် သန့်ဇင်၊ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် စောမင်းတို့လိုက်ပါပြီး ဂျပန်နိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ရေ၊လေ) ရုံးသို့ ရောက်ရှိကြရာ စစ်သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စစ်သံရုံးအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးရာ စစ်သံမှူးက လိုက်လံရှင်းလင်းတင်ပြပြီး ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးသို့ ရောက်ရှိကြရာ သံရုံးဒုတိယအကြီးအကဲ ဒေါ်ခင်နီလာစိုးနှင့် သံရုံးမိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။

ယင်းနောက် သံရုံးအစည်းအဝေး ခန်းမတွင် သံအမတ်ကြီးက မြန်မာ-ဂျပန် နှစ်နိုင်ငံသံတမန် ဆက်ဆံရေး လုပ်ငန်းများ ဆောင်ရွက်နေမှု၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအား အကူအညီပေးနေမှုနှင့် နှစ်နိုင်ငံချစ်ကြည် ရင်းနှီးမှု ပိုမိုတိုးတက်ရေးနှင့် ယဉ်ကျေးမှု အနုပညာဖလှယ်ရေး ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုအပေါ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လိုအပ်သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက် ပေးသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအား တွေ့ဆုံအမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ချစ်ကြည်ရေးခရီးစဉ် လာရောက်ခြင်းသည် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ချစ်ကြည်ရင်းနှီးမှု မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက် ကောင်းမွန်အောင် လာရောက်ခြင်းဖြစ်ပြီး ခရီးစဉ်အတွင်း ဂျပန်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမှုများတွင် ရလဒ်ကောင်း များစွာ ရရှိပါကြောင်း၊ တပ်မတော်၏ ရပ်တည်ချက်နှင့် နိုင်ငံတော်အစိုးရနှင့် အတူလက်တွဲ ဆောင်ရွက်နေမှုများအား နိုင်ငံတကာအစိုးရနှင့် တပ်မတော်များအား ရှင်းလင်းအသိပေးရန် ယခုကဲ့သို့ခရီးစဉ်များ သွားရောက်နေခြင်း ဖြစ်ကြောင်း၊ ထို့အတူသံရုံး၊ စစ်သံရုံးဝန်ထမ်းများ အနေဖြင့်လည်း မိမိတို့နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ယခုထက်ပိုမိုတိုးတက် ကောင်းမွန်အောင် အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ သံတမန်အချင်းချင်း ရင်းနှီးမှု တည်ဆောက်ပြီး မိမိတို့နိုင်ငံ အကျိုးစီးပွားအတွက် အမြင်ကျယ်ကျယ်ဖြင့် လုပ်ဆောင်သွားရမှာ ဖြစ်ကြောင်း၊ သံရုံးဝန်ထမ်း အချင်းချင်းပူးပေါင်း ဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှု ရှိရန်လိုကြောင်း၊ မိမိတို့သက်ဆိုင်ရာ နယ်ပယ် အလိုက် ပူးပေါင်းဆက်သွယ် ဆောင်ရွက်ရသည့် သံတမန်အချင်းချင်း ရင်းနှီးချစ်ခင်မှုမှတစ်ဆင့် မိမိတို့ နိုင်ငံအပေါ် ကူညီပံ့ပိုးမှုများ ရရှိအောင် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ သို့မှသာ မြန်မာ-ဂျပန် စီးပွားရေး ရင်းနှီးမြုပ်နှံမှု ပိုမိုတိုးတက် ကောင်းမွန်လာပြီး မိမိတို့နိုင်ငံ တိုးတက်လာမည် ဖြစ်ကြောင်း၊ တိုင်းပြည်အနေဖြင့် ပို့ကုန်ပစ္စည်း များများထုတ်လုပ် ရောင်းချနိုင်ရန် လိုအပ်ကြောင်း၊ ဂျပန်နိုင်ငံမှ လက်ခံနိုင်သည့် အရည်အသွေး ထုတ်လုပ်နိုင်ရန် ဂျပန်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများနှင့် နည်းပညာများ ရရှိရန်လိုအပ်ပြီး မိမိတို့နိုင်ငံအနေဖြင့် ဈေးကွက်၊အလုပ်အကိုင်နှင့် ၀င်ငွေရရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်၌ လျှောက်လှမ်းနေမှုတွင် တပ်မတော်မှ အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် သင်တန်းသားများအား မှာကြားရာတွင် မိမိတို့အတွက် ငွေကြေး၊အချိန်၊ လုပ်အားများရင်းနှီးပြီး လာရောက်သင်ကြား ရခြင်းဖြစ်သည့် အတွက်မိမိတို့နှင့် နိုင်ငံတော်အတွက် အကျိုးရှိအောင် သင်ယူလုပ်ဆောင်ရန် လိုပြီး ပညာသင်ကြား ပြီးချိန်တွင်လည်း မိမိတို့ တတ်ကျွမ်းသည့် ပညာများဖြင့် နိုင်ငံတော်တိုးတက် ရေးတွင် အကျိုးရှိစွာ အသုံးချရန်လိုကြောင်း မှာကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သံရုံး၊စစ်သံရုံး မိသားစုများနှင့် ပညာတော်သင် သင်တန်းသားများအတွက် စားသောက်ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများ၊ တပ်မတော်အထည်ချုပ် စက်ရုံများမှ ချုပ်လုပ်သည့် အ၀တ်အထည်များနှင့် ချီးမြှင့်ငွေများ အားပေးအပ်ရာ သံအမတ်ကြီး၊ စစ်သံမှူးနှင့် သံရုံး၊စစ်သံရုံး မိသားစုများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...